၁၉.၁၀.၂၀၂၆
Translated by Htwe Ko Tun
အီတလီနိုင်ငံတွင် နေထိုင်မှုစရိတ် မြင့်မားလာခြင်းနှင့် လုပ်ခလစာ နည်းပါးခြင်းတို့အပေါ် မကျေနပ်မှုများကြောင့် အီတလီနိုင်ငံသားများက ဆန္ဒပြမှုများပြုလုပ်လာကြရာ အဓိက အလုပ်သမားသမဂ္ဂတစ်ခုက နိုဝင်ဘာလ ၂၀ ရက်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သပိတ်မှောက်မှုပြုလုပ်သွားရန်ပင် တိုက်တွန်းထားသည်။
အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မီလိုနီက နေထိုင်မှုစရိတ် မြင့်တက်မှုကြောင့် ဖြစ်ပွားခဲ့သည့် ဆန္ဒပြပွဲများအတွင်း အကြမ်းဖက်မှုများကို အောက်တိုဘာလ ၁၈ ရက်က ရှုတ်ချလိုက်ပြီး မြို့ကြီးအများအပြားတွင် ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား ပဋိပက္ခများ ဖြစ်ပွားပြီးနောက် ၎င်းအနေဖြင့် ရဲတပ်ဖွဲ့ဝင်များဘက်မှ ရပ်တည်ကြောင်း ဖော်ပြခဲ့သည်။

မီလန်မြို့၌ အောက်တိုဘာလ ၁၇ ရက်က ပြုလုပ်သည့် နေထိုင်မှုစရိတ် မြင့်တက်မှု ဆန့်ကျင်ရေး ဆန္ဒပြပွဲများအတွင်း အကြမ်းဖက်မှု အဓိကရုဏ်းများ ဖြစ်ပွားခဲ့ရာ မီလန်မြို့၌ ရဲတပ်ဖွဲ့ဝင် အနည်းဆုံးလေးဦးနှင့် ဆန္ဒပြသူ ၂၀ ဦး ဒဏ်ရာရရှိခဲ့သည်။
ကုန်ဈေးနှုန်း မြင့်မားခြင်း၊ လုပ်ခလစာ တိုးတက်မှု မရှိခြင်းနှင့် မြို့ကြီးများတွင် ဈေးနှုန်းသက်သာသော နေအိမ်များရှားပါးခြင်းတို့အပေါ် ပြည်သူများ၏ မကျေနပ်မှုများ ရှိနေချိန်တွင် ယခုကဲ့သို့ မငြိမ်မသက်မှုများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
အီတလီသတင်းဌာန ANSA ၏ ဖော်ပြချက်အရ မီလန်မြို့တွင် အနက်ရောင် အဝတ်အစားများ ဝတ်ဆင်ကာ မျက်နှာဖုံးစွပ်ထားသည့် လူငယ်များသည် ရဲတပ်ဖွဲ့ကို မီးရှူးမီးပန်းများနှင့် ပုလင်းများဖြင့် ပစ်ပေါက်ခဲ့ကြပြီး မြို့လယ်ခေါင်ရှိ Piazza Duomo ရင်ပြင်တွင် အတားအဆီးများ တည်ဆောက်ခဲ့ကြသည်။

ရဲတပ်ဖွဲ့သည် အင်အားဖြည့်တင်းမှုများကို စောင့်ဆိုင်းရန်အတွက် ယာယီ ဆုတ်ခွာခဲ့ပြီး နောက်ပိုင်းတွင် မျက်ရည်ယိုဗုံးများ အသုံးပြုကာ ရင်ပြင်ကို ရှင်းလင်းခဲ့သည်။ ANSA ၏ အဆိုအရ လူငယ် ၅၀ ခန့် ဖမ်းဆီးခံခဲ့ရပြီး ၎င်းတို့အနက် ထက်ဝက်ခန့်မှာ အရွယ်မရောက်သေးသူများ ဖြစ်ကြသည်။
တူရင်၊ ဘိုလော့ညာနှင့် ဘာဂါမိုမြို့များတွင်လည်း ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။ ဘိုလော့ညာမြို့တွင် ရဲတပ်ဖွဲ့က ရေပိုက်များ အသုံးပြုလူစုခွဲခဲ့ပြီး လူလေးဦးကို ဖမ်းဆီးခဲ့ရာ ၎င်းတို့အားလုံးမှာ အရွယ်မရောက်သေးသူများ ဖြစ်ကြသည်။ ထို့အပြင် လူ ခုနှစ်ဦးကိုလည်း တရားစွဲဆိုရန်အတွက် တရားလိုပြ ရှေ့နေများထံ လွှဲပြောင်းပေးခဲ့သည်။
ဝန်ကြီးချုပ် မီလိုနီက ရဲတပ်ဖွဲ့ဘက်မှ ရပ်တည်ကြောင်းနှင့် ဖော်ပြခဲ့ပြီး ဆန္ဒပြပွဲများကို အခွင့်ကောင်းယူကာ ပဋိပက္ခများ ဖြစ်ပေါ်စေရန်နှင့် ရာဇဝတ်မှု ကျူးလွန်သူများကို ရှုတ်ချခဲ့သည်။
ဆန္ဒပြပိုင်ခွင့်အပေါ် ကန့်သတ်ချက်များကို တင်းကျပ်လာခဲ့ကာ မီလိုနီက”ဆန္ဒပြတယ်ဆိုတာ အခွင့်အရေးတစ်ခု ဖြစ်ပေမဲ့၊ ကိုယ့်မြို့တွေကို မီးရှို့ဖျက်ဆီးတာကတော့ အခွင့်အရေး မဟုတ်ပါဘူး” ဟု ပြောကြားခဲ့သည်။

မီလန်မြို့တော်ဝန် ဂလူဆက်ပီ ဆာလာက ဆန္ဒပြပွဲများ ဖြစ်ပေါ်လာရသည့် အကြောင်းရင်းများကို နားလည်သဘောပေါက်ကြောင်း ပြောကြားခဲ့သော်လည်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကိုမူ ရှုတ်ချလိုက်သည်။
၎င်းက “ဆန္ဒပြရတဲ့ အကြောင်းရင်းတွေကို နားလည်လက်ခံပါတယ်။ ဒါပေမယ့် ရဲတပ်ဖွဲ့ဝင်တွေအပေါ် အကြမ်းဖက်တာနဲ့ မြို့တွင်းမှာ ကြီးမားသော ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေတာတို့ကတော့ မျှတမှုရှိတယ်လို့ ဘယ်လိုမှဆိုနိုင်မှာ မဟုတ်ပါဘူး” ဟု ပြောကြားခဲ့သည်။
ဆန္ဒပြသူများသည် မြင့်မားသော လူနေမှုစရိတ်နှင့် နည်းပါးလွန်းသည့် လုပ်ခလစာများကို ဆန့်ကျင်ကန့်ကွက်ရန် စုဝေးခဲ့ကြခြင်း ဖြစ်သည်။ လက်ရှိတွင် အိမ်ထောင်စုများသည် ဈေးနှုန်းကြီးမြင့်သော လောင်စာဆီဖိုးများနှင့် ဈေးနှုန်းသက်သာသည့် နေအိမ်များ ရှာဖွေရခက်ခဲမှု ပြဿနာများကို ရင်ဆိုင်နေကြရသည်။
ရောမမြို့တွင်မူ အီတလီ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CGIL) က စီစဉ်ကျင်းပသည့် ဆန္ဒပြပွဲ၌ လူထောင်ပေါင်းများစွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။ အဆိုပါ အဖွဲ့ချုပ်၏ ခေါင်းဆောင် မော်ရီဇီယို လန်ဒီနီက နိုဝင်ဘာလ ၂၀ ရက်တွင် နိုင်ငံတစ်ဝန်း အလုပ်သမားသပိတ် ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ပြင်သစ်နိုင်ငံတွင်လည်း အလားတူ ဆန္ဒပြပွဲများက အကြမ်းဖက်မှုများ၊ မီးရှို့ဖျက်ဆီးမှုများနှင့် ပစ္စည်းဥစ္စာများ လုယက်ဖျက်ဆီးမှုများအဖြစ် ပြောင်းလဲသွားခဲ့ပြီး နိုင်ငံတစ်ဝန်းတွင် လူပေါင်း ၁,၈၀၀ ကျော် ဖမ်းဆီးခံခဲ့ရချိန်၌ အီတလီနိုင်ငံ၌ ဤအကြမ်းဖက်မှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
Ref- AFP
