၁၉.၁၀.၂၀၂၆
Translated by Htwe Ko Tun
ပြင်သစ်နိုင်ငံတစ်ဝန်း ဆန္ဒပြပွဲများဖြစ်ပွားနေမှုများအတွင်း ဆူပူအုံကြွသူများက အများပြည်သူဆိုင်ရာ အဆောက်အအုံများကို မီးရှို့ဖျက်ဆီးပြီး ဆိုင်များကို လုယက်ဖျက်ဆီးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ၎င်းတို့သည် လီမော့ရှ်မြို့ရှိ သမိုင်းဝင် မြို့တော်ခန်းမကိုလည်း ဖျက်ဆီးခဲ့ကြသည်။ ဤအကြမ်းဖက်မှုများသည် နေထိုင်မှုစရိတ်ကြီးမြင့်မှုနှင့် ပတ်သက်၍ နိုင်ငံတစ်ဝန်း ဆန္ဒပြပွဲများ ဖြစ်ပွားနေစဉ်အတွင်း ပေါ်ပေါက်လာခြင်း ဖြစ်သည်။
နေထိုင်မှုစရိတ်ကြီးမြင့်မှုနှင့် ပတ်သက်သည့် ဆန္ဒပြပွဲများအတွင်း ဆူပူအုံကြွမှုများ၊ ပစ္စည်းလုယက်မှုများနှင့် မီးရှို့ဖျက်ဆီးမှုများ ဖြစ်ပွားခဲ့ပြီးနောက် ပြင်သစ်နိုင်ငံတစ်ဝန်းတွင် လူပေါင်း ၂,၄၀၀ နီးပါး ကို ဖမ်းဆီးခဲ့ကြောင်း ပြင်သစ်အာဏာပိုင်များက အောက်တိုဘာလ ၁၈ ရက်တွင် ပြောကြားခဲ့သည်။
အောက်တိုဘာလ ၁၇ ရက် က ဖြစ်ပွားခဲ့သော မငြိမ်မသက်မှုများသည် ၂၀၂၇ ခုနှစ် ပြင်သစ်သမ္မတ ရွေးကောက်ပွဲ မတိုင်မီ တင်းမာမှုများကို ပိုမိုပြင်းထန်လာစေခဲ့သည်။ အကြောင်းမှာ နေထိုင်မှုစရိတ် ကြီးမြင့်ခြင်းအပေါ် ပြည်သူများ၏ ဒေါသနှင့် အစိုးရ၏ ဘတ်ဂျက်သုံးစွဲမှုအပေါ် တင်းကျပ်သော ကန့်သတ်ချက်များ ထိပ်တိုက်တွေ့ဆုံနေသောကြောင့်ဟု ဆိုရမည် ဖြစ်သည်။
အောက်တိုဘာလ ၁၇ ရက် ဆန္ဒပြပွဲများအတွင်း မြို့ကြီးအများအပြား၌ ပဋိပက္ခများ၊ မီးလောင်ကျွမ်းမှုများနှင့် ပစ္စည်းလုယက်မှုများ ဖြစ်ပွားခဲ့သည်။ နိုင်ငံ၏ ပြည်ထဲရေးဝန်ကြီးဌာနက ရဲတပ်ဖွဲ့ဝင် ၁,၀၀၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
ပါရီမြို့တွင် လူပေါင်း ၈၅၅ ဦး ဖမ်းဆီးခံခဲ့ရပြီး ၎င်းအရေအတွက်မှာ စံချိန်တင်ပမာဏဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ အစိုးရရှေ့နေများ၏ ပြောကြားချက်အရ လူပေါင်း ၅၁၇ ဦးကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပြီး ၎င်းတို့အနက် ၁၇၁ ဦးမှာ အရွယ်မရောက်သေးသူများ ဖြစ်ကြသည်။ ဤကိန်းဂဏန်းများသည် ကနဦး အချက်အလက်များသာဖြစ်ပြီး အောက်တိုဘာလ ၁၈ အစောပိုင်းအချိန်အထိ ဖမ်းဆီးမှုများ ဆက်လက်ဖြစ်ပွားနေခဲ့သည်။
ပါရီတွင် ဖမ်းဆီးခံရသူအများစုမှာ ခိုးယူထားသော ပစ္စည်းများကို လက်ဝယ်ထားရှိခြင်း၊ အကြမ်းဖက်မှုကျူးလွန်ရန် ရည်ရွယ်ထားသည့် အဖွဲ့တစ်ခုခုတွင် ပါဝင်နေခြင်းနှင့် အများပြည်သူပိုင် ပစ္စည်းများကို ဖျက်ဆီးခြင်းတို့နှင့် ဆက်စပ်နေသည်။
ပြင်သစ်သမ္မတ မက်ခရွန်က ဆန္ဒပြမှုများကို ရဲတပ်ဖွဲ့က ကိုင်တွယ်ဖြေရှင်းပုံနှင့် ပတ်သက်၍ အပြည့်အဝ ပွင့်လင်းမြင်သာမှု ရှိစေမည်ဟုလည်း ကတိပြုခဲ့သည်။
ဧပြီလနှင့် မေလတွင် ကျင်းပမည့် သမ္မတရွေးကောက်ပွဲ၌ မက်ခရွန်၏ နေရာကို ဆက်ခံရန် ကြိုးပမ်းနေကြသည့် အတိုက်အခံ နိုင်ငံရေးသမားများကလည်း ဤမငြိမ်မသက်မှုများနှင့် ပတ်သက်၍ တုံ့ပြန်ပြောဆိုခဲ့ကြသည်။
ဆန္ဒပြပွဲများနှင့် ယင်းမတိုင်မီက ဖြစ်ပွားခဲ့သော ကျောင်းသားဆန္ဒပြပွဲများကို ထောက်ခံအားပေးခဲ့သူ လက်ဝဲစွန်းဝါဒီ မယ်လွန်ရွှန်က ဆန္ဒပြသူများအနေဖြင့် လုယက်မှုများ မပြုလုပ်ကြရန် တိုက်တွန်းခဲ့ပြီး ထိုသို့ပြုလုပ်ခြင်းသည် “ကျွန်ုပ်တို့၏ နည်းလမ်းများနှင့် ဆန့်ကျင်နေသည်” ဟု ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်ကမူ ပြင်သစ်နိုင်ငံရှိ ဆန္ဒပြမှုများအတွက် တရားမဝင်ပြောင်းရွှေ့ ဝင်ရောက်ခြင်းများအပေါ် အပြစ်တင်ပြောဆိုခဲ့သည်။ ထရမ့်ပ်က “၎င်းတို့၏ နှလုံးသားထဲတွင် မုန်းတီးစိတ်များရှိနေသည့် လုံးဝကွဲပြားခြားနားသော ကမ္ဘာတစ်ခုမှ လူများဝင်ရောက်လာခြင်းက တစ်ချိန်က ကြီးကျယ်ခမ်းနားခဲ့သော နိုင်ငံကို ပျက်စီးစေခဲ့ပြီ” ဟု ၎င်း၏ Truth Social လူမှုမီဒီယာ အကောင့်တွင် ရေးသားဖော်ပြခဲ့သည်။
ဤဆန္ဒပြပွဲများတွင် လောင်စာဆီဈေးနှုန်းများ၊ လုပ်ခလစာ နည်းပါးမှု၊ တောင်သူလယ်သမားများနှင့် မီးသတ်ဝန်ထမ်းများ ကြုံတွေ့နေရသည့် ပြဿနာများအပေါ် မကျေနပ်ချက်များ ပါဝင်လာခဲ့သည်။ ပိုမိုကောင်းမွန်သော ပညာသင်ကြားရေး အခြေအနေများကို တောင်းဆိုနေကြသည့် ကျောင်းသားများနှင့် တက္ကသိုလ်ကျောင်းသားများလည်း ပါဝင်ခဲ့ကြသည်။
ပြည်ထဲရေးဝန်ကြီးဌာန၏ အဆိုအရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒပြသူဦးရေ ၅၅၀,၀၀၀ ရှိပြီး ယင်းအထဲတွင် ပါရီမြို့မှ ၁၁၀,၀၀၀ ပါဝင်သည်။ CGT အလုပ်သမားသမဂ္ဂကမူ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ဆန္ဒပြသူဦးရေ ၈၀၀,၀၀၀ ခန့် ရှိနိုင်သည်ဟု ခန့်မှန်းဖော်ပြခဲ့သည်။
ပြင်သစ်နိုင်ငံ၏ မြင့်မားသော အကြွေးပမာဏနှင့် ဘတ်ဂျက်လိုငွေပြမှုတို့ကြောင့် အစိုးရအနေဖြင့် အပိုဆောင်း အသုံးစရိတ်များ တောင်းဆိုလာမှုများကို ဖြည့်ဆည်းပေးနိုင်စွမ်းမှာ ကန့်သတ်ချက် ရှိနေသည်။
“အဝါရောင်အင်္ကျီဝတ်ဆင်သူများ လှုပ်ရှားမှု” (Yellow Vest movement) ကို ပြန်လည်စတင်ရန် အွန်လိုင်းမှ တိုက်တွန်းလှုံ့ဆော်မှုများ ပေါ်ပေါက်လာခြင်းက ကျောင်းသားဆန္ဒပြပွဲများအနေဖြင့် ပိုမိုကျယ်ပြန့်သော မငြိမ်မသက်မှုများအဖြစ်သို့ ပြောင်းလဲသွားနိုင်သည်ဟူသော အစိုးရ၏ စိုးရိမ်ပူပန်မှုကို ပိုမိုတိုးပွားစေခဲ့သည်။
ဤလှုပ်ရှားမှုသည် ၂၀၁၈ ခုနှစ်တွင် လောင်စာဆီခွန် တိုးမြှင့်ကောက်ခံမည့် အစီအစဉ်ကြောင့် စတင်ပေါ်ပေါက်လာခဲ့ပြီး နောက်ပိုင်းတွင် နေထိုင်မှုစရိတ်ကြီးမြင့်ခြင်းနှင့် မညီမျှမှုများအပေါ် ကန့်ကွက်ဆန္ဒပြသည့် ပိုမိုကျယ်ပြန့်သော လှုပ်ရှားမှုတစ်ခုအဖြစ် ကြီးထွားလာခဲ့သည်။ ဆန္ဒပြသူများ ဝတ်ဆင်လေ့ရှိသည့် အဝေးမှပင် ထင်ရှားစွာမြင်နိုင်သော အဝါရောင်အင်္ကျီများကို အစွဲပြု၍ အမည်ပေးထားသည့် ဤလှုပ်ရှားမှုကြောင့်လည်း နိုင်ငံတစ်ဝန်းတွင် လပေါင်းများစွာကြာ ဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့ပြီး အချို့သော ဆန္ဒပြပွဲများတွင် ရဲတပ်ဖွဲ့နှင့် အကြမ်းဖက် ပဋိပက္ခများပင် ဖြစ်ပွားခဲ့သည်။
Ref-AFP, dpa
