၁၇.၁၀.၂၀၂၆
Translated by Htwe Ko Tun
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ယခုအခါ Starshield ဝန်ဆောင်မှုအား ပြန်လည် လည်ပတ်နိုင်ရန် လုပ်ဆောင်နေပြီဖြစ်ကြောင်းနှင့် အမေရိကန်အစိုးရနှင့် အိမ်ဖြူတော်တို့က SpaceX ထံသို့ တောင်းဆိုခဲ့သည်ဟု ၎င်း၏မိတ်ဖက်များက ဆိုခဲ့ကြောင်း အောက်တိုဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။
SpaceX ကုမ္ပဏီမှ လုပ်ကိုင်ဆောင်ရွက်နေသည့် ဆက်သွယ်ရေးစနစ်အပေါ် မည်သည့်ကန့်သတ်ချက်မျိုးမဆို ချမှတ်မည်ဆိုပါက ၎င်းသည် အမေရိကန်သမ္မတထံမှသာ အမိန့်လာရမည်ဖြစ်ကြောင်း၊ ၎င်းနှင့် မသက်ဆိုင်ကြောင်း နည်းပညာလုပ်ငန်းရှင် ဘီလျံနာ အီလွန်မာ့စ် အခိုင်အမာ ပြောဆိုခဲ့ပြီးနောက်၊ ယူကရိန်းအတွက် Starshield ဝန်ဆောင်မှုများကို လျှော့ချရန် မိမိတောင်းဆိုခဲ့ခြင်းမရှိကြောင်း ဒေါ်နယ်ဒ် ထရမ့်ပ်က အောက်တိုဘာ ၁၆ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။
ရုရှား၏ ကျူးကျော်တိုက်ခိုက်မှုကို ခုခံကာကွယ်ရာတွင် အရေးပါသည်ဟု ယူကရိန်းဘက်က ရှုမြင်ထားသည့် အဆိုပါဝန်ဆောင်မှုအပေါ် ကန့်သတ်ချက်များ ရှိလာကြောင်း အောက်တိုဘာ ၁၄ ရက်က သတင်းများ ထွက်ပေါ်လာခဲ့သည်။ ထရမ့်ပ်က ယူကရိန်းကို ဝေဖန်ပြီး ရုရှားနိုင်ငံပိုင် ရေနံချက်စက်ရုံများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းအား ရပ်တန့်ရန် တိုက်တွန်းပြောဆိုပြီး မကြာမီအချိန်တွင် ထိုသို့ သတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။
ထရမ့်ပ်က “ကျွန်တော် လုပ်တာ မဟုတ်ပါဘူး။ အီလွန်မာ့စ် လုပ်တာလည်း မဟုတ်လောက်ပါဘူး” ဟု သတင်းထောက်များကို ပြောကြားခဲ့ပြီး “ကျွန်တော် နားလည်သလောက်တော့ အရင်ကအတိုင်းပါပဲ” ဟု ဖြည့်စွက်ပြောဆိုခဲ့သည်။
Starshield ဝန်ဆောင်မှုစနစ်များအပေါ် အမြန်နှုန်း သို့မဟုတ် အသုံးပြုမှုဆိုင်ရာကန့်သတ်ချက် မည်သည်ကို မဆို “အမေရိကန်စစ်တပ်က ဆုံးဖြတ်ခြင်းဖြစ်ပြီး နောက်ဆုံးအဆင့်တွင် အမေရိကန်သမ္မတက ဆုံးဖြတ်ခြင်းသာဖြစ်ကြောင်း အီလွန်မာ့စ်က ယခင်က ပြောကြားဖူးသည်။
ယူကရိန်းသည် စစ်မြေပြင် ဆက်သွယ်ရေးအတွက်လည်းကောင်း၊ ရုရှားသိမ်းပိုက်ထားသော နယ်မြေများအတွင်း အလယ်အလတ်အကွာအဝေး ပစ်မှတ်များကို တိုက်ခိုက်ရာတွင်လည်းကောင်း၊ ရန်သူ့ပစ်မှတ်များကို ကြားဖြတ်တိုက်ခိုက်သည့် ဒရုန်းများအတွက်လည်းကောင်း Starlink ၏ စစ်ဘက်သုံး ဂြိုဟ်တုဝန်ဆောင်မှုဖြစ်သည့် Starshield ကို အသုံးပြုလျက်ရှိသည်။ ထို့အပြင် ၎င်းတို့သည် SpaceX ၏ အရပ်ဘက်သုံး Starlink ဂြိုဟ်တုစနစ်ကိုလည်း အသုံးပြုနေသည်။
ရုရှားနိုင်ငံထုတ် ဒီဇယ်ဆီများကို ကမ္ဘာ့ဈေးကွက်အတွင်း ပိုမိုဝင်ရောက်ခွင့်ပြုသည့် အမေရိကန်၏ သဘောတူညီချက်တစ်ခုကို ယူကရိန်းခေါင်းဆောင်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီးနောက် ထရမ့်ပ်နှင့် ဇယ်လန်စကီးတို့အကြား ပြီးခဲ့သည့် ရက်များအတွင်း ဆက်ဆံရေးက မပြေမလည်ဖြစ်ခဲ့ရသည်။
Ref- AFP
