၁၇.၁၀.၂၀၂၆
Translated by Htwe Ko Tun
ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးမှုများ ချမှတ်ရန် အမေရိကန်ကွန်ဂရက်က မဲခွဲဆုံးဖြတ်ခဲ့သော်လည်း ယင်းပိတ်ဆို့မှုများကို ကင်းလွတ်ခွင့်ပြုသည့် အမိန့်တစ်ရပ်ကို သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်က အောက်တိုဘာလ ၁၆ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။ အမေရိကန်နိုင်ငံ၏အကျိုးစီးပွားများကြောင့် ဤသို့ဆုံးဖြတ်ခဲ့ခြင်းဟု ၎င်းက ပြောကြားခဲ့သည်။
အမျိုးသားလုံခြုံရေးဆိုင်ရာ အကြောင်းပြချက်များဖြင့် အဆိုပါဒဏ်ခတ်ပိတ်ဆို့မှုများကို ကင်းလွတ်ခွင့်ပြုသည့် အုပ်ချုပ်ရေးအမိန့်တစ်ရပ်ကို သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်က လက်မှတ်ရေးထိုးလိုက်သဖြင့် ရုရှားအပေါ် ချမှတ်ရန် စီစဉ်ထားသည့် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုများမှာလည်း စီစဉ်ထားသကဲ့သို့ အသက်ဝင်လာတော့မည် မဟုတ်ပေ။
“ဤအုပ်ချုပ်ရေးအမိန့်၏ အပိုင်း ၄ တွင် အသေးစိတ် ဖော်ပြထားသကဲ့သို့ပင် ‘ဂရေဟမ် အက်ဥပဒေ’ ၌ ပြဋ္ဌာန်းထားသော အရေးယူပိတ်ဆို့မှုများ၊ ကန့်သတ်ချက်များနှင့် အခွန်အခများကို ကျွန်ုပ် ကင်းလွတ်ခွင့်ပြုလိုက်သည်” ဟု အဆိုပါအမိန့်တွင် ဖော်ပြထားသည်။
“ယခုအချိန်တွင် ဤကဲ့သို့ ကင်းလွတ်ခွင့်ပြုခြင်းသည် အမေရိကန်ပြည်ထောင်စု၏ နိုင်ငံတော်အကျိုးစီးပွားနှင့် ကိုက်ညီကြောင်း အတည်ပြုချက်စာတမ်းတစ်စောင်ကို ကွန်ဂရက်သို့ တင်ပြထားပြီး ဖြစ်သည်”ဟု အိမ်ဖြူတော်မှ ထုတ်ပြန်သော အမိန့်စာတွင် ထရမ့်ပ်က ပြောကြားထားသည်။
ဒဏ်ခတ်ပိတ်ဆို့မှုများကို ရပ်ဆိုင်းထားရန် ထရမ့်ပ်၏ ဆုံးဖြတ်ချက်သည် အမျိုးသားအကျိုးစီးပွားကို မည်သို့အထောက်အကူပြုမည်ဆိုသည့် အသေးစိတ်အချက်အလက်များကိုမူ အိမ်ဖြူတော်က ချက်ချင်းရှင်းပြခြင်း မရှိသေးပေ။
ဤဆုံးဖြတ်ချက်နှင့် ပတ်သက်သည့် အကြောင်းကြားချက်ကို အောက်တိုဘာလ ၁၆ ရက် ညနှောင်းပိုင်းအချိန်တွင် အိမ်ဖြူတော် ဝက်ဘ်ဆိုက်၌ ဖော်ပြခဲ့သည်။ ဆုံးဖြတ်ချက်အတွက် အကြောင်းပြချက်များ ပါဝင်သည့် အစီရင်ခံစာကို ကွန်ဂရက်သို့ တင်ပြပြီးဖြစ်ကြောင်းလည်း ယင်းတွင် ဖော်ပြထားသည်။
ကွယ်လွန်သူ အမေရိကန် အထက်လွှတ်တော်အမတ် လင်ဆေး ဂရေဟမ်၏အမည်ကိုပေးထားသည့် ရုရှားအပေါ် အရေးယူပိတ်ဆို့မှု အသစ်များပြုလုပ်ရန် ဥပဒေကြမ်းကို အမေရိကန်ကွန်ဂရက်အတွင်း ထောက်ခံမှုကို ရရှိပြီးနောက် စက်တင်ဘာလက အတည်ပြုပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။
ယူကရိန်းနိုင်ငံအပေါ် ရုရှား၏ စစ်ပွဲနှင့် ပတ်သက်၍ ရုရှားအပေါ် ဖိအားတိုးမြှင့်ရန် ဤဥပဒေက ထရမ့်ပ်အစိုးရကို ခွင့်ပြုထားသည်။ အထူးသဖြင့် ရုရှားရေနံကို အဓိက ဝယ်ယူတင်သွင်းနေသည့် နိုင်ငံများအပေါ် ၁၀၀ ရာခိုင်နှုန်းအထိ အခွန်အခများ ကောက်ခံနိုင်သည်အထိ လုပ်ပိုင်ခွင့် ပေးထားသည်။
ရုရှားရေနံကို အများဆုံးဝယ်ယူသူများထဲမှ တစ်ခုဖြစ်သည့် အိန္ဒိယနိုင်ငံကမူ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုအသစ်များ ပြုလုပ်မည့် ဂရေဟမ် ဥပဒေကြမ်းနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည့် နိုင်ငံများအနက် ပါဝင်ခဲ့သည်။
ယခုကဲ့သို့ ရုရှားအပေါ် အရေးယူပိတ်ဆို့မှုများကို ကင်းလွတ်ခွင့်ပြုလိုက်ခြင်းမှာ ကမ္ဘာ့စွမ်းအင်ဈေးနှုန်းများ ကျဆင်းစေရန် ရည်ရွယ်ချက်ဖြင့် ရုရှားနိုင်ငံထံမှ ဒီဇယ်ဆီများ ဝယ်ယူရန် အမေရိကန်က သဘောတူညီခဲ့ကြောင်း ထရမ့်ပ်က ပြောကြားပြီး တစ်ပတ်အကြာတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ သို့သော် ဤလုပ်ရပ်က ရုရှားနှင့် စစ်ပွဲဖြစ်ပွားနေသည့် ယူကရိန်းနိုင်ငံအတွက် ထိခိုက်နစ်နာမှုများ ဖြစ်စေနိုင်သည်။
Ref: Reuters
