◾️ တစ်လအတွင်း ဒုတိယအကြိမ်မြောက် အမေရိကန်-မြန်မာ ဆွေးနွေးပွဲဖြစ်ပြီး ဂျပန်နိုင်ငံကလည်း မြန်မာအစိုးရနှင့် ပြန်လည်ထိတွေ့ဆက်ဆံရန် တိုးတိတ်စွာ ကြိုးပမ်းနေသည်။
◾️ ၂၀၂၁ ဖြစ်စဉ်နောက်ပိုင်း ဝါရှင်တန်၏ သံတမန်ရေး ပေါ်လစီ သိသိသာသာ ပြောင်းလဲလာခြင်းဖြစ်သလို မြန်မာနိုင်ငံရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း (Scam hubs) များကို နှိမ်နင်းရန်နှင့် မြေရှားသတ္တုသိုက်များကိုလည်း အမေရိကန်က စိတ်ဝင်စားလျက်ရှိသည်။
၁၆. ၁၀. ၂၀၂၆
Translated by Htwe Ko Tun
၂၀၂၁ ခုနှစ် အာဏာထိန်းသိမ်းပြီးနောက်ပိုင်း အဆက်အသွယ်ဖြတ်ထားခဲ့သော မြန်မာအစိုးရခေါင်းဆောင်များနှင့် အမေရိကန်အစိုးရတို့ ပြန်လည်ထိတွေ့ဆက်ဆံမှု တိုးမြှင့်လာစဉ် အမေရိကန်နှင့် မြန်မာအစိုးရအဖွဲ့တို့သည် လွန်ခဲ့သည့်သီတင်းပတ်က တိုကျိုမြို့၌ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြကြောင်း ဆွေးနွေးပွဲအကြောင်း သိရှိသူများက ပြောကြားခဲ့ပြီး တစ်လအတွင်း ဒုတိယအကြိမ်မြောက် တွေ့ဆုံခြင်း ဖြစ်လာခဲ့သည်။
စက်တင်ဘာလလယ်က မြန်မာနိုင်ငံ၏ မြို့တော် နေပြည်တော်တွင် ပြုလုပ်ခဲ့သော ပထမအကြိမ် ဆွေးနွေးပွဲ၌ အမေရိကန်စီးပွားရေးလုပ်ငန်းရှင်တစ်ဦး လွတ်မြောက်ရေးနှင့် အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားနေသည့် အွန်လိုင်းငွေလိမ်စင်တာများ ပိတ်သိမ်းရေးတို့ကို အဓိကထား ဆွေးနွေးခဲ့သော်လည်း မြန်မာနိုင်ငံ၏ မြေရှားသတ္တုသိုက်များအပါအဝင် ပိုမိုကျယ်ပြန့်သော ဆွေးနွေးပွဲများဆီသို့ လမ်းခင်းပေးနိုင်ကြောင်း ရိုက်တာသတင်းဌာနက ယခင်က ဖော်ပြခဲ့ပြီး ဖြစ်သည်။
အဆိုပါ တွေ့ဆုံမှုကို ရိုက်တာသို့ ထုတ်ဖော်ပြောဆိုခဲ့သူ သတင်းရင်းမြစ် သုံးဦး (အမေရိကန်အရာရှိတစ်ဦး အပါအဝင်) က တွေ့ဆုံမှု၏ ထိရှလွယ်သော သဘောသဘာဝကြောင့် အမည်မဖော်ပြရန် တောင်းဆိုခဲ့ကြပြီး လွန်ခဲ့သည့်သီတင်းပတ် ဆွေးနွေးပွဲတွင် နှစ်ဖက်စလုံး ဘာတွေအတိအကျ ဆွေးနွေးခဲ့ကြသည်ဆိုသည်ကိုမူ ချက်ချင်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။
အမေရိကန်နိုင်ငံခြားရေးဌာန၏ ထောက်လှမ်းရေးနှင့် သုတေသနဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Michael Vance က တိုကျိုဆွေးနွေးပွဲကို ထပ်မံဦးဆောင်ခဲ့ပြီး အမေရိကန်အရာရှိ ၁၂ ဦးထက်မနည်း ပါဝင်ခဲ့ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ သို့သော် မြန်မာဘက်မှ မည်သူကိုယ်စားပြု တက်ရောက်ခဲ့သည်ဆိုသည်ကိုမူ ရိုက်တာအနေဖြင့် စုံစမ်းအတည်ပြုနိုင်ခြင်း မရှိသေးပေ။
အမေရိကန်နိုင်ငံခြားရေးဌာနက နောက်ဆုံးပြုလုပ်ခဲ့သော ဆွေးနွေးပွဲနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုမှုကို တုံ့ပြန်ခဲ့ခြင်းမရှိသော်လည်း အမေရိကန်၏ အကျိုးစီးပွားကို ထိခိုက်စေသည့် ကိစ္စရပ်များတွင် မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံးနှင့် ထိတွေ့ဆက်ဆံလျက်ရှိကြောင်း ပြောကြားခဲ့သည်။ မြန်မာအစိုးရ ပြောရေးဆိုခွင့်ရှိသူကလည်း မှတ်ချက်ပေးရန် တောင်းဆိုမှုကို တုံ့ပြန်ခဲ့ခြင်း မရှိပေ။
အဆိုပါဆွေးနွေးပွဲများကို လက်ခံကျင်းပပေးရာတွင် ၎င်း၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ မေးမြန်းရာ၌ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက အီးမေးလ်ဖြင့် ထုတ်ပြန်သည့် ကြေညာချက်တွင် နှစ်ဖက်စလုံးနှင့် “လိုအပ်သလို ဆက်သွယ်ဆောင်ရွက်လျက်ရှိသည်” ဟု ဖော်ပြထားသော်လည်း သီးခြားသံတမန်ရေးအရ ကူးလူးဖလှယ်မှုများနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။
ပြီးခဲ့သည့်လက နေပြည်တော်တွင် အမေရိကန်အရာရှိ Vance နှင့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့မှုသည် ပိုမိုကျယ်ပြန့်သော ဆွေးနွေးပွဲများအတွက် လမ်းစဖွင့်ပေးခဲ့ကြောင်း ဆွေးနွေးပွဲအကြောင်း သိရှိသူများက ယခင်က ရိုက်တာသို့ ပြောကြားခဲ့ဖူးသည်။ တိုကျိုမြို့၌ ဆွေးနွေးပွဲစားပွဲဝိုင်းသို့ မြန်မြန်ဆန်ဆန် ပြန်လည်ရောက်ရှိလာခြင်းက နှစ်ဖက်စလုံးအနေဖြင့် ဆွေးနွေးပွဲကို ဆက်လက်ထိန်းသိမ်းထားလိုသည့် ဆန္ဒရှိကြောင်း ပြသနေသည်။
အမေရိကန်၏ အဓိကတွန်းအားပေးမှုမှာ အချစ်တုလိမ်လည်မှု အပါအဝင် အခြားပုံစံမျိုးစုံဖြင့် လိမ်လည်လှည့်ဖြားကာ အမေရိကန်နိုင်ငံသားများထံမှ ဒေါ်လာဘီလီယံပေါင်းများစွာ လိမ်လည်ယူနေသည့် မြန်မာနိုင်ငံရှိ အွန်လိုင်းငွေလိမ်စင်တာများကို ပိတ်သိမ်းရာတွင် မြန်မာဘက်မှ ကူညီဆောင်ရွက်ပေးရေး ဖြစ်ကြောင်း အဆိုပါ သတင်းရင်းမြစ်များက ပြောသည်။
ငွေလိမ်လုပ်ငန်း အများအပြားသည် ပြည်သူ့စစ်များ ထိန်းချုပ်ထားသော နယ်မြေအချို့တွင် အခြေစိုက်ထားမှုများရှိသလို မြန်မာအစိုးရကလည်း ၎င်းတို့အနေဖြင့် အွန်လိုင်းငွေလိမ်စင်တာများကို နှိမ်နင်းရန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတွင် ပါဝင်နေကြောင်း ပြောကြားထားသည်။
ထို့အပြင် အမေရိကန်အရာရှိများသည် လျှပ်စစ်ကားများမှသည် လေအားလျှပ်စစ် တာဘိုင်များအထိ ထုတ်ကုန်အမျိုးမျိုးတွင် အသုံးပြုသည့် မြန်မာနိုင်ငံ၏ ထုတ်ယူရရှိနိုင်သော အဓိက မြေရှားသတ္တုသိုက်များ ရရှိရေးကိုလည်း ဆွေးနွေးခဲ့ကြသည်။ အမေရိကန်အရာရှိများက အတားအဆီးကြီးများ ရှိနေကြောင်း ဝန်ခံထားကြပြီး အဆိုပါ မြေရှားသတ္တုသိုက်များသည် တပ်မတော်ကို တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ထိန်းချုပ်ထားသည့် နယ်မြေများတွင် အများစု တည်ရှိနေသလို မြန်မာ့မြေရှားသတ္တု၏ အဓိကဝယ်ယူသူဖြစ်သည့် တရုတ်နိုင်ငံကလည်း အမေရိကန်၏ မည်သည့် ပါဝင်ပတ်သက်မှုကိုမဆို ငြင်းပယ်နိုင်ခြေ ရှိနေသည်။
လွန်ခဲ့သည့်သီတင်းပတ်က အမေရိကန်သည် မြန်မာ့တပ်မတော်ကို ကူညီပေးနေသည်ဟု စွပ်စွဲခံထားရသော မြန်မာစီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ သမီးဖြစ်သူအပေါ် စီးပွားရေးပိတ်ဆို့အရေးယူထားမှုကို ရုပ်သိမ်းပေးခဲ့ပြီး အဆိုပါ အရေးယူဆောင်ရွက်မှုသည် မြန်မာနိုင်ငံအပေါ် ကျင့်သုံးသည့် ချဉ်းကပ်ပုံနည်းလမ်းသစ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ဒီချဉ်းကပ်ပုံဟာ မြန်မာ့ပြည်တွင်းက စစ်ပွဲတွေမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ဖို့ အရေးကြီးပုံကို ပေါ်လွင်စေပြီး နိုင်ငံရဲ့ အဓိကအကျိုးစီးပွားတွေကို မြှင့်တင်ဖို့အတွက် အမေရိကန်က သမိုင်းအစဉ်အဆက် အသုံးပြုခဲ့တဲ့ နည်းလမ်းစုံကို ပြန်လည်သုံးသပ်သွားမှာ ဖြစ်ပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဌာနက ပိတ်ဆို့အရေးယူမှု ရုပ်သိမ်းသည့် အရေးယူဆောင်ရွက်မှုနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် အဆိုပါ နောက်ဆုံးထိတွေ့ဆက်ဆံမှုများက ထရမ့်ပ်အစိုးရအဖွဲ့သည် မြန်မာနိုင်ငံကို “စစ်မှန်သော အပြန်အလှန် အကျိုးအမြတ်ရယူရေး (Transactionalist)” ရှုထောင့်မှ ကြည့်မြင်နေကြောင်း ဩစတြေးလျအခြေစိုက် Lowy Institute သုတေသနအဖွဲ့၏ အရှေ့တောင်အာရှဆိုင်ရာ ဒါရိုက်တာ Hunter Marston က ပြောကြားခဲ့သည်။
“မြန်မာနိုင်ငံမှာ ရှိတဲ့ အရေးပါတဲ့ သတ္တုတွေနဲ့ မြေရှားသတ္တုတွေကို ဝါရှင်တန်က မြန်မာနိုင်ငံအတွင်း စိတ်ဝင်စားတဲ့ အဓိက မဟာဗျူဟာမြောက် ပိုင်ဆိုင်မှုအဖြစ် ရှုမြင်နေတာ ဖြစ်နိုင်ပါတယ်” ဟု Marston က ပြောသည်။
ပြီးခဲ့သည့် ဇွန်လက ဂျပန်နိုင်ငံ၏ မြို့တော်တွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲများအပါအဝင် အမေရိကန်-မြန်မာ ဆွေးနွေးပွဲများမှာ ဂျပန်နိုင်ငံသည် အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးရုံထက်ပိုသည့် အကျိုးစီးပွား ပါဝင်ပတ်သက်မှု ရှိမရှိ ဆိုသည်မှာ မရေမရာ ဖြစ်နေသော်လည်း တိုကျိုသည် မြန်မာနိုင်ငံနှင့် ပြန်လည်ထိတွေ့ဆက်ဆံရန် လှုပ်ရှားဆောင်ရွက်နေသည့် လက္ခဏာများ ရှိနေသည်။
ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ ယာယီသံအမတ်သည် ယခုလအစောပိုင်းက မြန်မာအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့ပြီး ထိုတွေ့ဆုံမှုသည် ပထမဆုံး သိရှိရသည့် အများပြည်သူဆိုင်ရာ ထိတွေ့ဆက်ဆံမှု ဖြစ်သည်။
အဆိုပါတွေ့ဆုံမှုသည် စက်တင်ဘာလက ဂျပန်အာဏာရပါတီ လွှတ်တော်အမတ် Hiromichi Watanabe ၏ နေပြည်တော်ခရီးစဉ်အပြီးတွင် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ၎င်း၏ခရီးစဉ်မှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ ပြန်လည်စတင်ရန်နှင့် မြန်မာနိုင်ငံသို့ ဖွံ့ဖြိုးရေးအကူအညီများ ပြန်လည်ပေးအပ်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း နိုင်ငံပိုင် ကြေးမုံသတင်းစာ (Global New Light of Myanmar) တွင် ဖော်ပြထားသည်။
သို့သော် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယာယီသံအမတ်၏ တွေ့ဆုံမှုသည် ဂျပန်နိုင်ငံသားများ ဘေးကင်းလုံခြုံရေးနှင့် ဂျပန်ကုမ္ပဏီများကို ကူညီပံ့ပိုးပေးရေးကဲ့သို့သော ကိစ္စရပ်များကို တောင်းဆိုဆွေးနွေးခဲ့ခြင်းဖြစ်ပြီး Watanabe ၏ ခရီးစဉ်မှာ ပုဂ္ဂိုလ်ရေးအရ သွားရောက်ခဲ့ခြင်းဖြစ်သဖြင့် ဂျပန်အစိုးရ၏ သဘောထားရပ်တည်ချက်ကို “မည်သို့မျှ ကြိုတင်ဆုံးဖြတ် ပုံဖော်ပေးခြင်း မရှိပါ” ဟု ပြောကြားခဲ့သည်။
Watanabe က အဟန့်အတားများ ရှိနေသေးကြောင်း ဝန်ခံထားသော်လည်း သူ၏ ခရီးစဉ်မှာ နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေရန် ပတ်ဝန်းကျင်ကောင်းတစ်ရပ် ပြင်ဆင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ရိုက်တာသို့ ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံသည် ၂၀၂၁ ခုနှစ်တွင် မဲမသမာမှုပြုသည့် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရကို တပ်မတော်က ဖြုတ်ချခဲ့မှုအပေါ် ရှုတ်ချခဲ့သော်လည်း အမေရိကန်နှင့် အခြားအနောက်နိုင်ငံများကဲ့သို့ အစိုးရအဖွဲ့ခေါင်းဆောင်များနှင့် တပ်မတော်နှင့် ဆက်နွှယ်နေသည့် အဖွဲ့အစည်းများအပေါ် စီးပွားရေးပိတ်ဆို့အရေးယူမှုများ ပြုလုပ်ရာတွင် ပါဝင်ခဲ့ခြင်း မရှိပေ။
တိုကျိုသည် အာရှ၏ နောက်ဆုံး နယ်စပ်စျေးကွက်များထဲမှ တစ်ခုဖြစ်သည့် မြန်မာနိုင်ငံတွင် တရုတ်၏ ဩဇာလွှမ်းမိုးမှုကို တုံ့ပြန်ရန် ကြိုးပမ်းရင်း မြန်မာနိုင်ငံ၏ အကြီးမားဆုံး ပြည်ပရင်းနှီးမြှုပ်နှံသူများထဲမှ တစ်ခုဖြစ်ခဲ့သည်။ အနောက်နိုင်ငံအများအပြားမှ ကုမ္ပဏီများနှင့် မတူဘဲ ဂျပန်ကုမ္ပဏီ အများအပြားမှာ ၂၀၂၁ အာဏာထိန်းသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် မတည်ငြိမ်မှုများကြားမှ ဆက်လက်ကျန်ရှိနေခဲ့သည်။
ဂျပန်ကုန်သွယ်ရေးမြှင့်တင်ရေးအဖွဲ့ (JETRO) ၏ အဆိုအရ မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်က ဂျပန်ကုမ္ပဏီ ၄၀၀ ထက်မနည်း ရှိခဲ့ရာမှ ယခုအခါ ကုမ္ပဏီ ၃၀၀ ခန့် ဆက်လက်လည်ပတ်နေဆဲ ဖြစ်သည်။
ReF: Reuters
