သတိုး
၂၀. ၉. ၂၀၂၆
၁။
Crypto Arena ကွင်းသမိုင်းမှာ အများဆုံးလက်မှတ်ရောင်းကြေးအဖြစ် ဒေါ်လာ ၈ ဒသမ ၃ သန်းရခဲ့ပြီး ပရိသတ် ၁၉၃၅၇ ဦး ရုံဝင်ခဲ့တဲ့ UFC Flyweight ချန်ပီယံကာကွယ်ပွဲဟာ စိတ်ဝင်စားမှု အရမ်းများခဲ့ပါတယ်။
ချန်ပီယံခါးပတ်လေးကြိမ် ကာကွယ်နိုင်ခဲ့တဲ့ ဘရာဇီးဖွား အလက်ဇန္ဒား ပန်တိုဂျာဟာ ဂျော်ရှဝါဗန့်ကို ပထမဆုံး ယှဥ်ပြိုင်ထိုးသတ်ချိန်မှာ ၂၆ စက္ကန့်တည်းနဲ့ ဗန်ရဲ့ ခြေထောက်ဖမ်းကိုင် ကိုင်ပေါက်ချက်ကြောင့် အကျမတော်ဖြစ်ပြီး ဒိုင်ပွဲရပ်နဲ့ အလဲထိုးခံရတာကို မကျေမချမ်းဖြစ်နေသလို Faceoff လုပ်ချိန်မှာ ပန်တိုဂျာက “ပထမပွဲတုန်းက ဒဏ်ရာကြောင့် မတော်တဆဖြစ်သွားခဲ့တာပါ။ ဒီနေ့ညမှာတော့ ငါ့ရဲ့ Flyweight ခါးပတ်ကို ပြန်ယူပြမယ်” လို့ ပြောဆိုခဲ့ပါတယ်။ အဲဒီအချိန်မှာ ဗန်က မြန်မာနိုင်ငံအလံကို လှမ်းခြုံပြီး “ပထမပွဲက ကံကောင်းတာမဟုတ်ဘူးဆိုတာ ဒီပွဲမှာ အပြီးသတ် သက်သေပြသွားမယ်။ ခါးပတ်က ငါ့ဆီမှာပဲ ဆက်ရှိနေမှာပါ” လို့ အာမခံစကား ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် တစ်ယောက်နဲ့တစ်ယောက် Trash Talk ပြောတာတွေ၊ ပရိသတ်စိတ်ဝင်စားမှု မြင့်တက်လာအောင် ဗန်က စွမ်းဆောင်နိုင်တာ၊ အချင်းချင်းရန်လိုနေတာတွေကြောင့် လူစိတ်ဝင်စားမှုလည်း အမြင့်ဆုံးဖြစ်ခဲ့တာပါ။
ချန်ပီယံလုပွဲစတင်ဖို့ နီးကပ်လာချိန်မှာတော့ စိန်ခေါ်ခွင့်ရသူ ချန်ပီယံဟောင်း ပန်တိုဂျာ ကနဦးထွက်လာပါတယ်။ သူ့ကို အရိုးသန်အောင် နို့တိုက်မယ်လို့ မကြာခဏ သရော်နေတဲ့ ဗန့်ကို စောင့်ကြိုနေချိန်မှာ သွေးပူလေ့ကျင့်ခန်းလုပ်နေပေမဲ့ သူ့ပုံစံက စိတ်လှုပ်ရှားနေပုံ ပေါက်နေပါတယ်။
သူစင်မြင့်ပေါ်ရောက်ပြီး ခဏမှာပဲ မြန်မာနိုင်ငံဖွား ချင်းတိုင်းရင်းသားချန်ပီယံ ဗန်ဟာ သူ့ထုံးစံအတိုင်း မြန်မာ့အလံကို ဂုဏ်ယူစွာ လွှားခြုံလာပြီး ပရိသတ်အလယ်မှာ ခမ်းခမ်းနားနား ပွဲထွက်လာပါတယ်။ သူ့ဘောင်းဘီကလည်း ချန်ပီယံစိတ်ကြိုက် မြန်မာ့အလံဝါစိမ်းနီကို အခြေခံထားပြီး ဘောင်းဘီပေါ်က Venum လိုဂိုအတွက်တော့ UFC က ပွဲတိုင်း စပွန်ဆာကြေး ၄၂၀၀၀ ပေးချေပါတယ်။ ဒါက ချန်ပီယံတစ်ယောက်ခံစားခွင့်ဖြစ်သလို မိနစ် ၃၀ လောက် ကမ္ဘာကြီးမြင်ခွင့်ရဖို့လေးတင် မြန်မာငွေ သိန်း ၁၈၀၀ ကျော် ပေးချေတာကလည်း ရူးချင်စရာပါပဲ။

၂။
Octagon ထဲမှာ ပွဲစဖို့ ဒိုင်က တည်ပေးလိုက်ချိန်မှာ ဗန်က လေးစားသမှုအရ လက်အိတ်ချင်းထိဖို့ မြှောက်ပေးလိုက်ပေမဲ့ ပန်တိုဂျာက မထိပါဘူး။ ကစားသမားတွေ စတင်ထိုးချိန်မှာ လက်အိတ်ချင်းထိတာ Mutual Respect ပေးတာဖြစ်ပြီး မဖြစ်မနေလုပ်ရမယ်ဆိုတဲ့ စည်းကမ်းချက်မရှိဘဲ ကစားကမားအချင်းချင်းအစာမကျေရင်တော့ No Touch Glove ဖြစ်သွားတတ်ပါတယ်။ ပန်တိုဂျာဟာ သူ့ဆီက ခါးပတ်လည်း လုထားသလို စကားစစ်ထိုးရာမှာလည်း အသာရအောင် ပြောနိုင်လွန်းတဲ့ ဗန့်ကို မကျေနပ်ချက်ဖြစ်နေတာ ပွဲအစမှာတင် No Touch Glove နဲ့ ပရိသတ်ကို ရှင်းရှင်းလင်းလင်း အသိပေးလိုက်ပြီး သူကတော့ ပွဲကြမ်းတော့မယ်လို့ အချက်ပြလိုက်ပါတယ်။
လက်အိတ်ချင်းတောင်မထိဘဲ ဗန့်ဆီက ခါးပတ်ကို အသည်းအသန်ပြန်လိုချင်နေတဲ့ ပန်တိုဂျာဟာ ငါပွဲကြမ်းတော့မယ်လို့ အချက်ပြပြီးတာနဲ့တစ်ပြိုင်နက် ပွဲကြမ်းခဲ့ပြီး အတင်းဝင်ထိုးခဲ့သလို ဆယ်စက္ကန့်မပြည့်ခင်ဘဲ Bodylock ရသွားပြီး ဗန် ကြမ်းပေါ်ကျသွားပါတယ်။ ဒါဟာ တက်ဆူရို တိုင်ရာနဲ့ပွဲမှာ ပွဲအစတင် ဗန်လှဲအချခံရပြီး အချိန်အများစုအချုပ်ခံရတာနဲ့ဆင်တူပါတယ်။ ဗန်ကလည်း တိုင်ရာနဲ့ပွဲတုန်းကလိုပဲ သူ့ရဲ့Next Level Takedown Defense ကို ပြသပါတယ်။ အလောတကြီး အားကုန်ခံမရုန်းဘဲ Octagon နံရံသွားဖို့နဲ့ အန္တရာယ်ရှိတဲ့ Naked Choke တွေ Back Position တွေ မပေးရဖို့ အားထုတ်နေရင်း နားရင်းကို ဆယ်ချက်အထက် ထိုးနေပါတယ်။ ဒီလိုအားထုတ်နေရင်းကို ပန်တိုဂျာက ဗန့်အပေါ် ခွထိုင်တဲ့အနေအထားနား ရောက်သွားချိန် ဗန်က ရုန်းထရာမှာ ပန်တိုဂျာက ကလေးတွေလို ခါးထစ်ခွင်ချီထားတဲ့အနေအထားနဲ့ ဗန့်ခေါင်းကို ငါးချက်ခြောက်ချက်ထိုးနှက်ပါတယ်။ ဒီလိုထိုးနေရင်း ဗန်က ပန်တိုဂျာ့ကို ကြမ်းပေါ် ပြန်ဆောင့်ချတဲ့အခါ အပေါ်စီးရတာက ဗန် ပြန်ဖြစ်သွားပြီး နံတွေဆယ်ချက်လောက် နှိုက်ပြီး Full Mount အနေအထားနဲ့ အပေါ်က ခွထိုးဖို့ကြိုးစားပေမဲ့ ပန်တိုဂျာက ခေါင်းကို အတင်းဖက်ထားသလို ဗန့်လက်တစ်ဖက်က ပန်တိုဂျာ့ဂျိုင်းအောက်ဝင်နေလို့ နံထိုးချက် ဆယ်ချက်လောက်ပဲ ရခဲ့ပါတယ်။ ပထမဆုံးစချုပ်တဲ့ ပန်တိုဂျာ့ချုပ်ကွက်က အချက်သုံးဆယ်လောက် အထိုးခံလိုက်ရပြီး ထင်သလောက် မသွားခဲ့ပါဘူး။
နှစ်ယောက်ပြန်အထမှာတော့ ဆိုင်ထိုးပြိုင်ထိုးလုပ်ပါတော့တယ်။ ဆိုင်ထိုးပြိုင်ထိုးချိန်မှာ ပန်တိုဂျာဟာ သူ့ထုံးစံအတိုင်း ဖိအားပေးထိုးနိုင်တာတွေ့ရပြီး လက်သီးတွဲလုံးတွေ လေးငါးချက်လောက် ထိုးနိုင်တဲ့အပြင် ဒူးတိုက်ချက်တွေပါ ထုတ်ပေမဲ့ ဗန့်ရဲ့ ထောက်လက်သီးတွေ၊ တွဲလုံးတွေလည်း ထိပါတယ်။ တစ်မိနစ်ကျော်ကျော်လောက် ပြိုင်ထိုး ဆိုင်ထိုးရာမှာ ဝါရင့်ချန်ပီယံဟောင်း ပန်တိုဂျာကလည်း လက်ထွက်မြန်သလို ဗန့်အားနည်းချက်လို့ သူထင်တဲ့ ခြေထောက်ကို လိုက်ကန်ပေမဲ့ ဗန်က ပန်တိုဂျာ့ကို ရှေ့တက်ပြီး ဖိအားပေးထိုးချိန်မှာ ဗန့်ရဲ့တံတောင်ရိုက်ချက် မျက်နှာထိသွားလို့ ပန်တိုဂျာ နာသွားပြီး မျက်နှာအုပ် ခွာထွက်ပြေးရပါတယ်။ ဒါပေမဲ့ ဗန်က လိုက်ထိုးနေပြီဖြစ်လို့ သူ ပြေးချိန်မရလို့ အတင်းဝင်လုံးလိုက်တာကြောင့် ဗန်လဲသွားပြီး ပန်တိုဂျာက Full Mount ပုံစံနဲ့ အပေါ်က ခွထိုင်ထိုးဖို့လုပ်ရာမှာ ဗန်သုံးလေးချက်ထိပြီး ပြန်ရုန်းရာမှာ ဗန်က Back Position ရပေမဲ့ ပန်တိုဂျာရုန်းလို့ မျက်နှာ နှစ်ချက်လောက်ထိုးရင်း ပွဲပြီးသွားပါတယ်။
ပထမအချီမှာ ပန်တိုဂျာ ချုပ်ချိန်များပေမဲ့ အပိုင်ထိုးခွင့်လောက်လောက်လားလားမရသလို ဗန်က ထိချက်ထိုးချက် ပိုရတာလည်း သိသာပါတယ်။ ချန်ပီယံဆုလေးကြိမ်ကာကွယ်ထားနိုင်တဲ့ ပန်တိုဂျာဟာ အချာပင်မဟုတ်လို့ ဗန့်အတွက်လည်း ခက်ခဲတယ်ဆိုတာ သိသာပါတယ်။

၃။
ဒုတိယအချီစတာနဲ့ ပန်တိုဂျာက ဘီလူးစီးပြန်ပါတယ်။ သူ့ပုံစံအတိုင်း အတင်းဝင်ဖိအားပေးပြီး လက်သီးနဲ့ထိုး၊ ချုပ်ပြီး ဒူးနဲ့တိုက်လုပ်ရာမှာ လက်သီးနှစ်ချက်လောက်ထိပေမဲ့ ဒူးတိုက်ချက် ကပ်လွဲသွားလို့ ဗန်သက်သာသွားသလို ထပ်တစ်ခါ လူချင်းအပူးမှာတော့ ဗန်က Body Shot တွဲလုံးတွေ လေးငါးချက်ထက်မနည်း ဆက်တိုက်ထိုး၊ ပင့်လက်သီးတွေကျွေးလို့ ပန်တိုဂျာ တံတောင်တစ်ချက်ထုတ်ပြီး ပြန်ခွာပါတယ်။
ဒါပေမဲ့ ချက်ချင်းဝင်အထိုးမှာ သူ့လက်သီးကိုရှောင်ရင်း လက်သီးချက်ထုတ်တဲ့ ဗန်က ခြေချော်သွားပြီး ပန်တိုဂျာ့ကို ခေါင်းနဲ့တိုက်မိချိန်မှာ ပန်တိုဂျာ မျက်ခုံးကွဲသွားပြီး သွေးတွေ ထွက်လာပါတယ်။ မြန်မာ့လက်ဝှေ့ရဲ့ လူကြောက်အများဆုံး ခေါင်းတိုက်သတ်ကွက်ကို ကြားဖူးပုံရတဲ့ ပန်တိုဂျာက ဗန်ခေါင်းတိုက်တာကို ဒိုင့်ဆီ Complaint တက်ပေမဲ့ အနှေးပြကွက်မှာတော့ ဗန်ခြေချော်သွားပြီး မတော်တဆဖြစ်တာမြင်ရတာမို့လို့ ဗန်ရဲ့ ခေါင်းနဲ့တိုက်မိမှုဟာ ဥပဒေပမဟုတ်သလို အဝါလည်းအပြမခံရ၊ ဒိုင်ရဲ့သတိပေးမှုလည်း မခံရဘဲ ကွင်းလယ်ကို ဒိုင်က ပြန်တည်ပေးပါတယ်။ ပန်တိုဂျာကလည်း ပြန်တည်ပေးတာနဲ့ တန်းပြီး လက်သီးတွဲလုံးနဲ့ခြေကန်ချက်ထုတ်ပြီး ဝင်ဖက်ပါတယ်။
ဗန့်ခြေထောက်ကို ဖက်ပြီး လှဲချဖို့ တစ်မိနစ်လောက်ကြိုးစားပေမဲ့ ဗန့်က Octagon ကို မှီပြီး ခုခံနိုင်ခဲ့လို့ အလုပ်မဖြစ်ချိန် ပန်တိုဂျာ ပြန်အခွာမှာတော့ ဗန်က တက်ထိုးပါတော့တယ်။ ဗန်ဟာ UFC မှာ လက်သီးထိုးချက်အများဆုံး ဖိုက်တာဖြစ်နေတာ အလကားမဟုတ်ဘူးဆိုတာ ပန်တိုဂျာ စတင်ခံစားရတာ ဒီအချီပါ။ ဗန့်ရဲ့ စက်သေနတ်ပစ်သလိုမြန်ဆန်တဲ့ တွဲလုံးတွေဟာ ပန်တိုဂျာ့ မျက်နှာပေါ် မကြာခဏကျရောက်နေပြီး ပန်တိုဂျာ တစ်ချက်၊ ဗန်သုံးချက်နှုန်းလောက်ဖြစ်နေပါတယ်။ ဆိုင်ထိုးနေရင်း ပန်တိုဂျာက အငိုက်မှာ ခြေထောက်ပြေးဖက်ပြန်ပေမဲ့ ဗန်က သူ့ကို ကြမ်းပေါ်ဖိချလိုက်ပြီး ခြေကားထားလို့ အလုပ်မဖြစ်ပြန်ပါဘူး။ ဒါပေမဲ့ ပြန်ခွာပြီးတာနဲ့ ဗန့်လက်သီးတစ်ချက်ထိရုံရှိသေးတယ် ပန်တိုဂျာပြန်လုံးရာမှာ Back Position ရသွားပါတယ်။ အချိန် ၁၅ စက္ကန့်လောက်သာကျန်တော့ချိန်မှ ရသွားတာဖြစ်ပေမဲ့ ပန်တိုဂျာရဲ့ Back Position တိုက်ကွက်ဟာ သူ့ကို ဖလိုင်းဝိတ်တန်းရဲ့ ဘုရင်ဖြစ်စေခဲ့တဲ့ နာမည်ကျော်တိုက်ကွက်ပါ။ ဒါပေမဲ့ ဗန်က လက်သီးတစ်ချက် အပေးခံလိုက်ရတာကလွဲရင် စိုးရိမ်စရာဖြစ်မသွားခဲ့သလို အချိန်လည်းပြည့်သွားလို့ ရင်မနေရတဲ့ မြန်မာပရိသတ်တွေ သက်ပြင်းချနိုင်သွားပါတယ်။

၄။
တတိယအချီအစ သွေးထွက်များပြီး ကျသလိုဖြစ်လာတဲ့ ပန်တိုဂျာက ပွဲစတာနဲ့ ဝင်ကပ်ပေမဲ့ ဗန်လက်သီးလေးငါးချက်က မျက်နှာကို ဆင့်ထိသွားချိန်မှာ ဒိုင်ဘက်ကို တစ်ချက်လှမ်းကြည့်ပါသေးတယ်။ Eye Poke လို့ သူယူဆတာလားမသိပေမဲ့ ဗန်က ဆက်ထိုးနေသလို သူတို့ထိုးသတ်တာ ရှင်းရှင်းလင်းလင်းမြင်နေရတဲ့ ဒိုင်ကမတားပါဘူး။ ဒါကြောင့် ပန်တိုဂျာ ဆက်ထိုးချိန်မှာ ဗန့်ကို ချုပ်ပြီး ဒူးသုံးချက်လောက်တိုက်ပေမဲ့ ဒူးပျံတစ်ချက် မျက်နှာမထိတာ ဗန်ကံကောင်းသွားသလို Body Shot လေးငါးချက် ဆင့်ထိုးတဲ့ ဗန့်ကို ပန်တိုဂျာ ကြာရှည်မချုပ်ရဲဘဲ လွှတ်ပေးရပြန်ပါတယ်။
ဒီနေ့ပွဲမှာ ပန်တိုဂျာဟာ ဗန့်ကို ဆိုင်ထိုးပြိုင်ထိုးတိုင်း သူတစ်ချက်ထိုးရင် ဗန်က သုံးချက်လောက် ပြန်ထိုးတာ ထိနေတဲ့ ပြဿနာကို ဖြေရှင်းရခက်နေတာပါ။ ဒါကြောင့် ချုပ်ဖို့ကြိုးစားပေမဲ့ ဗန်က အချုပ်ခံလိုက်ရရင် ပြာမသွားသလို အားကုန်လည်းမခံဘဲ Octagon ကို ကျောကပ်ပြီး ခုခံတာကြောင့် သူလိုချင်တဲ့ Back Position တွေ၊ Full Mount တွေ၊ Rare Naked Choke တွေ၊ Ground and Pound တွေ မရဘဲ အချိန်ကုန်နေတာပါ။ ဘာမှမလုပ်နိုင်ဘဲ ဖက်ပြီး အမောဖြေနေတဲ့ ပန်တိုဂျာက ဗန်ရုန်းအထမှာ ပတ်တံတောင်နဲ့ရိုက်ပြီး ထွက်သွားချိန် မထိလိုက်တာလည်း ဗန် ကံကောင်းသွားခဲ့တာပါ။ လွဲသွားတဲ့ ပတ်တံတောင်ဟာ အားအပြည့်မို့ ထိကျဖြစ်သွားနိုင်ပေမဲ့ ဗန်ကရှေ့တိုးထိုးရာမှာ ပန်တိုဂျာ့မျက်နှာ လက်သီးငါးချက်လောက် ဆင့်ထိသွားလို့ ဘာမှမဖြစ်ဘူး ဆက်ထိုးဆိုတဲ့ အမူအယာတောင် လုပ်ပြလိုက်ရပါသေးတယ်။ တတိယအချီမှာ ကျပြီထင်ရတဲ့ ပန်တိုဂျာ သက်လုံပြန်တက်လာတာလည်း မြင်ရပြီး သူ့ထူးခြားချက်က အံ့ဩစရာဖြစ်လို ဗန်အလဲမထိုးနိုင်တာကလည်း ပန်တိုဂျာရဲ့ သက်လုံပြန်တက်မှုနဲ့ လက်သီးတစ်ချက်က ပွဲအနိုင်အရှုံးကို ချက်ချင်း ဆန့်ကျင်ဘက်ဖြစ်သွားစေနိုင်တာကို သတိပြုနေရလို့ အလဲထိုး အနိုင်မရခဲ့တာပါ။

၅။
စတုတ္ထအချီကတော့ ဒိုင်တွေကတောင် ပန်တိုဂျာသာတယ်လို့ သတ်မှတ်တဲ့ အချီပါ။ ပွဲအစမှာ ဗန်က လက်သီးအတိုလေးတွေနဲ့ မျက်နှာကို ဆပြီး နှစ်ချက်လောက်ထိုးချိန် ပန်တိုဂျာက ဗန့်ခြေနဲ့ခေါင်းကို လှမ်းကန်တာမှာ ခြေရောခေါင်းရောထိပေမဲ့ ဗန်လဲမကျသွားတာ ကံကောင်းပါတယ်။ ခေါင်းကိုဆို ထိချက်က ခြေဖျားနဲ့ ရှပ်သွားတာမို့ ဗန်သက်သာခဲ့တာပါ။
ဒါ့အပြင် ပန်တိုဂျာဟာ ဒီနေ့ပွဲမှာ ခြေဖမိုးနဲ့ ထိုးကန်တဲ့ Front Body Kick တွေနဲ့ ဗန့်ဒူးကို ဦးတည်ပြီးကန်တဲ့ Oblique Kick တွေ ခဏခဏ ထုတ်သုံးတာလည်း တွေ့ရပေမဲ့ ဗန်က အထိမနာအောင်ရှောင်နိုင်ခဲ့သလိုကောင်တာလက်သီးတွေလည်း ပြန်ထုတ်နိုင်ခဲ့ပြီး ချန်ပီယံဆိုတာ ဒီလိုထိုးရတယ်လို့ သက်သေပြနိုင်ခဲ့ပါတယ်။
စတုတ္ထအချီ နှစ်မိနစ်ပြည့်လုမှာ ဗန့်ကို လှဲချပြီး အပေါ်စီးက ဖိထိုးဖို့ ကြိုးပမ်းတာမှာ ဗန်က ခြေထောက်ကို အပေါ်ထောင် Octagon ကိုကန်ပြီး ခုခံရပါတယ်။ ပန်တိုဂျာက ကြိုးဝိုင်းအလယ်ပြန်ဆွဲပေမဲ့ မအောင်မြင်သလို ဗန်က သူ့နားရင်းကို တဖတ်ဖတ်ရိုက်နေတာလည်း ရယ်ချင်စရာပါပဲ။
လုံးရင်းထွေးရင်း ဗန်က ကျောမှီရသွားချိန်မှာ နားရင်းရိုက်လိုက်၊ မျက်နှာထိုးလိုက်လုပ်နေချိန် ပန်တိုဂျာက လက်နှစ်ဖက်ကို ဗန့်ခါးဖက်ပြီး လှဲချဖို့ပဲ အားထုတ်နေတာပါ။ ဒီလိုအပေါ်က ချုပ်နေရင်း ဗန်ပြန်အရုန်းမှာ ပန်တိုဂျာ့ ဘယ်ခြေကို လိမ်ထားသလိုအနေအထားနဲ့ ဗန် ပြန်ချုပ်မိပေမဲ့ ချက်ချင်းပြန်ရုန်းနိုင်သွားတာဟာ ဗန့် နစ်နာမှုပါ။ နောက် လုံးရင်းထွေးရင်း ဗန့်ရင်ခွင်မှာ ပန်တိုဂျာခေါင်းအပ်ပြီး လက်သီးနဲ့ထိုးရာမှာ ဗန့်မျက်နှာ ထိထိမိမိအထိုးခံလိုက်ရပါတယ်။ ဒီလက်သီးချက်နှစ်ချက်ကြောင့်ပဲ စတုတ္ထအချီအပြီးမှာ ဗန့် ညာဖက်မျက်ခုံးအထက် ဖူးယောင်သွားပေမဲ့ မကွဲသွားတာ ကံကောင်းတာပါ။ ပန်တိုဂျာဟာ သက်လုံကုန်သွားပြီထင်တိုင်း သက်လုံနဲ့ ခွန်အားပြန်တက်လာတယ်ဆိုတဲ့ သူနဲ့ထိုးဖူးသူတွေ ပြောကြတဲ့စကားကို ဒီအကြိမ်မှာ ဗန်က ကိုယ်တွေ့ ရင်ဆိုင်လိုက်ရတာပါ။ ဒါကြောင့်လည်း ဒိုင်တွေက စတုတ္ထအချီမှာ ပန်တိုဂျာ့ကို အသာပေးခဲ့ကြတာပါ။

၆။
ဒီတစ်ခေါက်မှာ ကြွက်သားထု တင်ထားလို့ ရေဓာတ်နဲ့ အဆီဓာတ်ကို ပင်ပင်ပန်းပန်းချထားရတဲ့ ဗန်ကလည်း Training ဖိအားတွေကြောင့် ပန်းနေတာ တွေ့ရပါတယ်။ ဒါပေမဲ့ ပဉ္စမအချီ ပွဲစတာနဲ့ ရှေ့တိုးထိုးဖို့ ကြိုးပမ်းသလို ပန်တိုဂျာကလည်း ခြေ ကန်ချက်တွေ၊ Oblique တွေ၊ ထိုးချက်တွေနဲ့ ပြန်ဆိုင်ပါတယ်။ သူဝင်ပူးတိုင်းမှာလည်း ဗန်က Uppercut တွေ၊ Hook တွေ၊ Jab တွေ၊ Body Shot တွေ ပြန်ထိုးလို့ ပန်တိုဂျာ အထိနာပါတယ်။
ပဉ္စမအချီ တစ်မိနစ်ကျော်အကြာမှာ အောက်ခြေပတ်ကန်တဲ့ ပန်တိုဂျာ့မေးရိုးကို ဗန် လက်သီးတည့်တည့်ဝင်သွားခဲ့အပြီး ပတ်ပြေးနေတဲ့ ပန်တိုဂျာ့ကို ဗန်က ဝိုင်းကြီးပတ်ပတ် လိုက်ထိုးနေခဲ့ပါတယ်။ တစ်ကွင်းလုံး ပတ်ဆုတ်နေတဲ့ ပန်တိုဂျာ့ကို ဗန်က လိုက်ထိုးချိန်မှာ ကောင်းမွန်တဲ့ ထိချက်တွေ ရသလို ပန်းနေတဲ့ ပန်တိုဂျာ မျက်နှာကို ငါးချက်လောက်ထိအပြီး ပွဲချိန် သုံးမိနစ် ၁၅ စက္ကန့်လောက်မှာ ဗန့် ညာဖြောင့်လက်သီးကြောင့် ကြမ်းပေါ်လဲချိန် ဗန်က Ground and Pound အနေအထားနဲ့ ခွထိုးပါတော့တယ်။ ပန်တိုဂျာ ခုနစ်ချက်လောက် ဆင့်အထိုးခံရပေမဲ့ လက်ကြီးကားပြီးရုန်းနေလို့ ဒိုင်က ပွဲမရပ်တာကြောင့် ဗန့်အဖို့ အလဲထိုးနိုင်ပွဲ လွဲခဲ့ရသလို ဗန့်ခန္ဓာကိုယ်နဲ့ လည်ပင်းကိုဖိပြီး ပန်တိုဂျာ့ခေါင်းကို ညှစ်ပြီး ချုပ်ကွက်နဲ့ အဆုံးသတ်ဖို့ကြိုးပမ်းပေမဲ့ ပန်တိုဂျာက အံ့ဩစရာကောင်းလောက်အောင် ရုန်းသွားနိုင်ပါတယ်။ ဒါကြောင့်လည်း ဗန်က ပွဲအပြီးမှာ ဒီချုပ်ကွက်က သူ့လေ့ကျင့်ရေးကွင်းမှာ ပြိုင်ဘက်တွေကို အနိုင်ယူနေကြဖြစ်ပြီး ပန်တိုဂျာ အရမ်းကောင်းလို့ ဘယ်လိုရုန်းသွားလဲမသိဘူးတောင် ပြောခဲ့ရပါတယ်။ အသက် ၃၆ နှစ်အရွယ်ဖြစ်နေပြီး ရှေ့မှာ ငါးမိနစ်လေးချီထိုးထား၊ မျက်ခုံးကွဲလို့ သွေးထွက်များထား၊ လဲကျအောင် အထိုးခံထားရပြီး Ground and Pound နဲ့ ခုနစ်ချက်လောက် အားပါးတရ အထိုးခံထားရတဲ့ ဖိုက်တာက လည်ပင်းကို ကိုယ်နဲ့ညှပ်ချုပ်တာ ရုန်းပြနိုင်တာကလည်း ပန်တိုဂျာ့သက်လုံနဲ့ စွမ်းရည်ကို သက်သေပြပြီး ဖလိုင်းဝိတ်တန်းမှာ ဘုရင်ဖြစ်ခဲ့တာ အလကားမဟုတ်ဘူးဆိုတာ အထင်အရှား ပြသနိုင်ခဲ့တာပါ။ ဒါပေမဲ့ Knock Down ကျအပြီးမှာတော့ ပန်တိုဂျာ ဘာမှမလုပ်နိုင်တော့သလို ဖွဲအိတ်ပုံစံဖြစ်သွားပြီး ဗန်ထိုးတာ ခံနေရသလို သူခြေထောက်ပြေးဖက်တာတွေကိုလည်း ဗန်က ကာကွယ်နိုင်ခဲ့တဲ့အပြင် အပေါ်စီးကရပြီး ထိုးနေချိန်မှာ မြန်မာပရိသတ်တွေအဖို့ ဒိုင်ပွဲရပ်နဲ့ အလဲထိုးနိုင်တာမျိုး ဖြစ်စေချင်ကြပေမဲ့ မဖြစ်ခဲ့ဘဲ ပွဲပြီးသွားခဲ့ပါတယ်။
ဒီနေ့ပွဲမှာ ဗန်ဟာ ပန်တိုဂျာ့မျက်နှာကိုချည်း လက်သီး ၁၄၄ ချက်ထိုးပြီး ဘော်ဒီကိုတော့ ၁၀ ချက်ပဲ ထိုးပါတယ်။ ပန်တိုဂျာက မျက်နှာကို ၉၉ ချက်နဲ့ ခန္ဓာကိုယ်ကို ၂၆ ချက်ထိုးလို့ ဗန်က ၂၉ ချက် အသာရပြီး ကြမ်းပြင်မှာတော့ ဗန်က နှစ်မိနစ်ကျော်ပဲ ထိန်းထားနိုင်သလို ပန်တိုဂျာက ၉ မိနစ်ကျော်ထိန်းခဲ့လို့ ဒီနေ့ပွဲဟာ Stand Fight အရသာပြည့်ဝခဲ့ပြီး စက္ကန့်မလပ် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာမို့လို့ Fight of The Night ရပြီး ဗန်နဲ့ပန် တစ်ယောက် ဒေါ်လာတစ်သိန်းစီ ဆွတ်ခူးသွားပါသေးတယ်။

၇။
“ပထမပွဲတုန်းက မတော်တဆနိုင်သွားတာလို့ တော်တော်များများက ပြောကြတယ်။ ကဲ…အခု သံသယရှိကြသေးလား”လို့ အောင်ပွဲခံအပြီးမှာ ဗန်က တုံ့ပြန်သွားခဲ့သလို “ပန်တိုဂျာ့ကို ကျေးဇူးတင်ပါတယ်။ သူ့ကို လေးစားပါတယ်။ အဲဒီဘဲက သောက်ရမ်းမာတဲ့ဘဲဗျာ။ ပွဲသိမ်းရတာလည်း ခက်တယ်။ ကျွန်တော်လုပ်ခဲ့သေးတယ်။ ချုပ်ကွက်ထုတ်ခဲ့သေးတယ်။ ဒါပေမဲ့ သူဘယ်လို အလွတ်ရုန်းသွားမှန်းကို မသိလိုက်ဘူး။ အမှန်ဆို အဲဒီအကွက်နဲ့ အသင်းမှာ အားလုံးကို အနိုင်ယူနေကျပဲ။ ဒါပေမဲ့ သူကတော့ ဘယ်လိုထွက်သွားမှန်းမသိအောင်ကို လွတ်သွားတယ်”လို့ပါ ချီးကျူးခဲ့ပါသေးတယ်။
ဖလိုင်းဝိတ်တန်းရဲ့ ဘုရင်ဟောင်းကို နန်းချခဲ့တဲ့ မြန်မာ့ဖိုက်တာဗန်ဟာ ဒီနေ့ပွဲမှာ အများသိခွင့်ရတာက ထိုးသတ်ကြေး ဒေါ်လာငါးသိန်း၊ Fight of Night ဆုကြေး ဒေါ်လာတစ်သိန်း၊ ဘောင်းဘီ စပွန်ဆာကြေး ဒေါ်လာ ၄၂၀၀၀ ရပါတယ်။ အနိုင်ဆုကြေးတွေ၊ PPV တွေ၊ တခြားခံစားခွင့်တွေ ပေါင်းမယ်ဆိုရင် ဒီပွဲက သူ့အတွက် ဒေါ်လာ တစ်သန်းအထက်ရမှာဖြစ်တဲ့အပြင် UFC မှာ နောက်တစ်ကြိမ်ချန်ပီယံကာကွယ်ပွဲအတွက် အခြေခံထိုးသတ်ကြေးကလည်း ဒေါ်လာငါးသိန်းအထိဖြစ်လာမှာ အသေအချာပါ။
“ပန်တိုဂျာက ဖိုက်တာကောင်းပါ။ ကျွန်တော့်အမြင်မှာ သူက ထာဝရအကောင်းဆုံးစာရင်းဝင်ဖိုက်တာပါပဲ။ သူနဲ့ အခုလို ကစားရတာ၊ ငါးချီပြည့်ထိုးသတ်ရတာ အရမ်းကျေးဇူးတင်ပါတယ်။ တတိယအချီမှာ သူအထိနာသွားပေမဲ့ ရှေ့ပဲတက်လာတယ်။ သူက အသည်းကောင်းတယ်။ အထိနာသွားတာကို ရုပ်ပျက်မသွားဘူး။ သူအထိနာသွားမှန်း ကျွန်တော်သိတာပေါ့။ ဒါပေမဲ့ ဒါ့ကြောင့်ပဲ သူ့ကို ကျွန်တော်လေးစားတာပါ”လို့ ဗန်က ပွဲအပြီးအင်တာဗျူးမှာ ဖြေခဲ့ပါသေးတယ်။
ဒါ့အပြင် ခေါင်းနဲ့မတော်တဆတိုက်မိတာကိုလည်း ပန်တိုဂျာက “မင်း ခေါင်းနဲ့တိုက်တာ ငညစ်..”လို့ ဗန့်ကိုပြောတဲ့အကြောင်းနဲ့ ဗန်က “ခင်ဗျားဝင်တိုက်တာလို့ တုံ့ပြန်တဲ့အကြောင်းလည်း ဖြေသွားခဲ့ပါသေးတယ်။ ဒါ့အပြင် ပန်တိုဂျာတစ်ယောက်ပဲ လက်ဒဏ်ရာရထားတာမဟုတ်ဘဲ ဗန်ကလည်း ညာဘက်ပခုံးအဆစ် အရွတ်ပြဲသွားလို့ ပြီးခဲ့တဲ့နှစ်ပတ်ကမှ လေ့ကျင့်ခန်းပြန်လုပ်နိုင်ကြောင်းနဲ့ ဘယ်ဖိုက်တာဖြစ်ဖြစ် ထိုးသတ်မှာပဲလို့ ကြုံးဝါးသွားပါတယ်။ ဒါ့အပြင် ဒီပခုံးဒဏ်ရာကို ဆေးရုံထပ်သွား ဓာတ်မှန်ရိုက်ဖို့လုပ်ရဦးမှာဖြစ်ကြောင်းလည်း ပြောသွားပါသေးတယ်။
ပွဲထိုးစိပ်တဲ့ ဗန်ဟာ အခုနောက်ပိုင်းမှာ ကမ္ဘာ့ချန်ပီယံအဆင့်တွေနဲ့ပဲ ထိုးသတ်နေရတာမို့လို့ အနိုင်ရသည့်တိုင်အောင် သူကိုယ်တိုင်လည်း အထိနာပြီး ဒဏ်ရာတွေနဲ့ မကြာခဏ ထိုးရလေ့လည်း ရှိပါသေးတယ်။ ဒီလို ဒဏ်ရာတွေနဲ့ထိုးနေတဲ့ကြားက ရှစ်ပွဲဆက်တိုက် အနိုင်ရခဲ့သလို ပထမအကြိမ်အရှုံးကို မကျေမနပ်ဖြစ်နေတဲ့ ပန်တိုဂျာလို ဖလိုင်းဝိတ်ဘုရင်ဟောင်းကို ထပ်ဆင့် နန်းချပြီး UFC ဖလိုင်းဝိတ်တန်းရဲ့ အငြင်းပွားစရာမရှိ နန်းတက်ဘုရင်သစ်ဖြစ်ကြောင်း ကမ္ဘာကို ထပ်ဆင့် သက်သေပြလိုက်နိုင်တာကလည်း ပျော်စရာရှားပါးတဲ့ မြန်မာနိုင်ငံသားတွေအဖို့ ပျော်မဆုံးရွှင်မဆုံး တစ်နေ့တာကြည်နူးစရာ ရလိုက်တာပါပဲ။
