၂၀. ၉. ၂၀၂၆
Written by Nyein Kyaw
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ရေများပြန်လည်ကျဆင်းနေပြီဖြစ်၍ ဒေသခံများကလည်း မိမိနေအိမ်များသို့ ပြန်လည်ဝင်ရောက်နေထိုင်နေပြီဖြစ်သလို ဟင်္သာတခရိုင်မှတစ်ဆင့် လေးမျက်နှာမြို့နယ်သို့ ကုန်စည်ကားများ ယခုရက်ပိုင်းတွင် ပုံမှန်ပြေးဆွဲနိုင်နေပြီဖြစ်ကြောင်း သိရသည်။



လက်ရှိတွင် အနိမ့်ပိုင်းလမ်းပိုင်းတချို့နှင့် လမ်းဖြတ်အတိုများတွင်မှု ရေတင်မှုများရှိနေသေးသော်လည်း ကုန်ကားနှင့် အိမ်စီးကားအမြင့်များ ဖြတ်သန်းသွားလာနိုင်သော အခြေအနေဖြစ်သည်။
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃၀ ရက် ညပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေးမျက်နှာမြို့နယ်၊ ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှတစ်ဆင့် ထူးပေါက်ပြီး ရေဖြတ်သန်းစီးဆင်းခြင်းကြောင့် တာတမံနိမ့်ကျရေကျော်စီးဝင်ခဲ့၍ လေးမျက်နှာမြို့ပေါ်ရပ်ကွက် (၅) ခုနှင့် ကျေးရွာ (၁၃၈) ရွာမှ အိမ်ထောင်စု ကိုးထောင်ကျော်၊ လူဦးရေသုံးသောင်းကိုးထောင်ကျော်ရေဘေးသင့်ခဲ့ပြီး ကယ်ဆယ်ရေးစခန်း (၁၇) ခု ဖွင့်လှစ်ထားပေးခဲ့ရသည့် အခြေအနေဖြစ်သည်။







နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးဒဏ်ခံစားရသည့်ဒေသများကို အလျင်အမြန် ကွင်းဆင်းကြည့်ရှု့ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိသလို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း ရေကြီးရေလျှံမှု စတင်ဖြစ်ပွားချိန်ကတည်းက ဘေးသင့်သူများအား ရှာဖွေကယ်ဆယ်ရေး၊ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးရေး၊ စားရေရိက္ခာများထောက်ပံ့ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ မြစ်ရေတိုက်စားပြိုကျမှုမှကာကွယ်ခြင်းတို့ကို အရှိန်အဟုန်မြှင့် တာဝန်ယူဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
