◾ပါတီလုပ်ငန်းစီမံချက်များ အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားနိုင်ရန် အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ရက် ၉၀ စီမံချက်ဖြင့် စတင်အကောင်အထည်ဖော်သွားမည်
၂၀.၉.၂၀၂၆
Written by NYL
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွင်း စည်းလုံးညီညွတ်မှုကို ခိုင်မာစွာတည်ဆောက်သွားမည်ဖြစ်ပြီး စည်းလုံးညီညွတ်မှုကို ပြိုကွဲစေသည့် ပြုမူဆောင်ရွက်ချက်များကို ၀ိုင်းဝန်းထိန်းသိမ်းကြဖို့လိုကြောင်း ပါတီ ဥက္ကဋ္ဌ ဦးခင်ရီက စက်တင်ဘာ ၂၀ ရက်တွင် ကျင်းပခဲ့သည့် စတုတ္ထအကြိမ် ပါတီညီလာခံ ဒုတိယနေ့တွင် အဖွင့်စကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီသည် သတ္တမအကြိမ် ဗဟိုကော်မတီအစည်းအဝေးကို စက်တင်ဘာ ၁၈ ရက်တွင်လည်းကောင်း၊ စတုတ္ထအကြိမ်မြောက် ပါတီညီလာခံကို စက်တင်ဘာ ၁၉ ရက်နှင့် ၂၀ ရက်တွင် လည်းကောင်းကျင်းပခဲ့ပြီး ညီလာခံဒုတိယနေ့တွင် ပါတီဥက္ကဋ္ဌအဖြစ် ဦးခင်ရီအား ထပ်မံရွေးချယ်ခံရပြီး ဒုတိယဥက္ကဋ္ဌအဖြစ် ဦးမြတ်ဟိန်းနှင့် ဦးသောင်းအေး၊ အထွေထွေအတွင်းရေးမှူး အဖြစ် ဦးတင်အောင်ချစ်၊ တွဲဖက်အထွေထွေအတွင်းရေမှူးအဖြစ် ဦးအောင်အေးတို့အား ရွေးချယ်ကြောင်း အတည်ပြုကြေညာခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ” ပါတီတွင်းစည်းလုံးညီညွတ်မှုကို ခိုင်မာစွာ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ ပါတီတစ်ရပ်အတွက် အကြီးမားဆုံးအင်အားဟာ စည်းလုံး ညီညွတ်မှုပဲ ဖြစ်ပါတယ်။ စည်းလုံးညီညွတ်မှုကို ပြိုကွဲစေတဲ့ ပြုမူ ဆောင်ရွက်ချက်တွေကို အသိ၊ သတိ၊ ပါတီချစ်စိတ်နဲ့ ထိန်းသိမ်းကြဖို့ လိုပါတယ်။၊ အမြင်မတူတာဟာ အဖွဲအစည်းတိုင်းမှာ ရှိနိုင်ပါတယ်။ ကိုယ်ချင်းစာ နားလည်မှုအပေါ်မှာ အခြေခံပြီး တူညီတာတွေပေါင်းစပ်လို့ တစ်ခုတည်းသော ဦးတည်ချက်ကို စိုက်လိုက်မတ်တပ် စုပေါင်း ဦးတည်သွားကြရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပါတီစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်ကိုလည်း အဓိကထား မြှင့်တင်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပါတီအတွင်းမှာ စည်းကမ်း (Discipline)၊ အဖွဲ့အစည်းစိတ်ဓာတ် (Organizational Sprit)၊ အများဆန္ဒနဲ့ ဆောင်ရွက်ခြင်း (Democracy) နဲ့ တာဝန်ယူ တာဝန်ခံမှုရှိခြင်း (Accountability) တို့ကို အခြေခံပြီး ဆက်လက်တည်ဆောက် သွားမှာဖြစ်ပါတယ် ” ဟု ပြောကြားခဲ့သည်။





ထို့ပြင် ခေတ်မီ၍ ပြည်သူကို အခြေပြုသော နိုင်ငံရေးပါတီ Modern People-Centered Political Party ဖြစ်အောင် တစ်စချင်း၊ တစ်လှမ်းချင်း မိမိတို့ဆောင်ရွက်သွားမည်ဟုလည်း ညီလာခံကိုယ်စားလှယ်တော်ကြီးများ ရှေ့မှောက်တွင် ကတိသစ္စာပြုကြောင်းလည်း ပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားခဲ့သည်။
ဆက်လက်၍ ပါတီလုပ်ငန်းစီမံချက်များ အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားနိုင်ရန် အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ရက် ၉၀ စီမံချက်ဖြင့် စတင်အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး လက်တွေ့ကျသည့် အသေးစိတ်လုပ်ငန်းစဉ်များကိုလည်း ရေးဆွဲထားပြီးဖြစ်ကြောင်း ပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ဆက်လက်ပြောကြားခဲ့သည်။
“ပါတီရဲ့ လုပ်ငန်းစီမံချက်ကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နိုင်ဖို့အတွက် အစပျိုးတဲ့အနေနဲ့ ၂၀၂၆ အောက်တိုဘာလ (၁)ရက်နေ့မှ ဒီဇင်ဘာလ (၃၁)ရက်နေ့အထိ အကျုံးဝင်မဲ့ ရက်(၉၀)စီမံချက်ကိုလည်း ချမှတ် အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် (၁)နှစ် စီမံချက်၊ (၅)နှစ်စီမံချက်တွေကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ အစီအမံများ ကြိုတင်ရေးဆွဲထားပြီး ဖြစ်ပါတယ်။ ကျွန်တော်တင်ပြခဲ့တဲ့ ပါတီရဲ့ရှေ့လုပ်ငန်းစဉ်၊ လုပ်ငန်းအစီအမံ တစ်ခုချင်းအပေါ်မှာ လက်တွေ့ကျတဲ့အသေးစိတ်လုပ်ငန်းစဉ်များလည်း ရေးဆွဲထားပြီး ဖြစ်ပါတယ် ” ဟု ဦးခင်ရီက ပြောကြားခဲ့သည်။
ဆက်လက်ပြီး စီမံချက်တိုင်းသည် မူဝါဒကောင်းသော်လည်း ဖော်ဆောင်မှုပိုင်းတွင် ချို့ယွင်းအားချက်များ ရှိနိုင်ခြင်းကြောင်း လုပ်ငန်းစီမံချက်များကို KPI စနစ်ဖြင့် တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးခင်ရီက ပြောကြားခဲ့သည်။
” စီမံချက်တိုင်းဟာ မူဝါဒ ကောင်းပေမယ့် ကောင်းမွန်တဲ့ ဖော်ဆောင်မှု Implementation ပိုင်းမှာ ချို့ယွင်းအားနည်းချက်များ ရှိနိုင်တာကြောင့် ကျွန်တော်တို့၏ လုပ်ငန်းစီမံချက် တစ်ခုချင်းကို အောင်မြင်မှု ရှိမရှိ စစ်ဆေး ကြပ်မတ်နိုင်ဖို့အတွက် Key Performance Indicators လို့ ခေါ်တဲ့ KPI အောင်မြင်မှု တိုင်းတာချက်များ အမှတ်ပေးစနစ်နဲ့ စနစ်တကျ အောင်မြင်အောင် ဒေတာ စိစစ် တွန်းအားပေးဆောင်ရွက်သွားမှာဖြစ်ကြောင်း အားလုံးကို အသိပေးပြောကြားလိုပါတယ် ” ဟုပြောကြားခဲ့သည်။
ထို့နောက် နိဂုံးချုပ်အားဖြင့် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ယနေ့ညီလာခံကစတင်ပြီး ပိုမို ခိုင်မာ ပြည်မြန်မာကြီး ဖြစ်ထွန်းပေါ်ပေါက်လာရေးအတွက် ကောင်းသောအနာဂတ်၊ တိုးတက်သော အနာဂတ်ကို ယုံကြည်မှုအပြည့်နှင့် ရင်ဆိုင်ကျော်လွှားသွားကြရအောင် စုပေါင်း သန္နိဋ္ဌာန်ချမှတ်ကြရမည်ဖြစ်ကြောင်း၊ ယင်းကြောင့်လည်း အနှစ်ချုပ်ရည်မှန်းချက်ဖြစ်သည့် ခေတ်မီပြီး ပြည်သူကို အကျိုးပြုသော နိုင်ငံရေးပါတီ Modern People-Centered Political Party ကို အဆင့်တစ်ဆင့်ပြီး မဖြစ်မနေ တည်ဆောက်သွားရင်း ပြင်းပြသောသန္နိဋ္ဌာန်းနှင့် အောင်မြင်အောင် ဆောင်ရွက်သွားကြရန် အလေးနက်ထား တိုက်တွန်းပြောကြားအပ်ကြောင်းနှင့် ပါတီ၏ အနာဂတ် လုပ်ငန်းစဉ် Roadmap အပေါ်မှာ အချိန်အခါမရွေး ဆွေးနွေးအကြံပြုခြင်းများကိုလည်း အထူးအလေးအထား လေးစားသမှုဖြင့် ဖိတ်ခေါ်ပါကြောင်း ပြောကြားခဲ့သည်။
