သတိုး
၁၆. ၁၀. ၂၀၂၆
ပြီးခဲ့သည့် စက်တင်ဘာလက မလေးရှားနိုင်ငံသည် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့စဉ်က မြန်မာအစိုးရအား အသိအမှတ်ပြုခြင်းမဟုတ်ဘဲ ခရီးစဉ်၏ အဓိကရည်ရွယ်ချက်မှာ မလေးရှားနိုင်ငံရှိ မြန်မာဒုက္ခသည်များနှင့် ရွှေ့ပြောင်းလုပ်သားများဆိုင်ရာ “ကာလရှည်ကြာ ဖြစ်ပေါ်နေသော ပြဿနာ” ကို ဖြေရှင်းရန်ဖြစ်ကြောင်း ပြောခဲ့သည်။
သို့သော်လည်း ဦးမင်းအောင်လှိုင် မလေးရှားနိုင်ငံ၏ မြို့တော်ကွာလာလမ်ပူသို့ ရောက်ရှိလာသောအခါ ၂၀၂၁ ခုနှစ်တွင် အာဏာထိန်းသိမ်းခဲ့သည့် ယခင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တစ်ဖြစ်လည်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ဂုဏ်ပြုတပ်ဖွဲ့ဖြင့် နီရဲသောကော်ဇောနီခင်းကာ နိုင်ငံတော်အဆင့် ကြိုဆိုခဲ့ကြသည်။
ကြာသပတေးနေ့က နိုင်ငံတော်အဆင့် တရားဝင် ဂုဏ်ပြုဧည့်ခံပွဲအပြီးတွင် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က မြန်မာနိုင်ငံသည် မိမိနိုင်ငံသားများကို မိမိစရိတ်ဖြင့် ပြန်လည်လက်ခံရန် ပြင်ဆင်ထားကြောင်း ပြောကြားခဲ့ရာ ဒုက္ခသည်ဆန့်ကျင်ရေးစိတ်ဓာတ်များ ကြီးထွားနေသည့် မလေးရှားနိုင်ငံအတွက် သဘောကျစရာ သတင်းဖြစ်ခဲ့သည်။ မလေးရှားတွင် မြန်မာနိုင်ငံသား ၁၉၃,၀၀၀ ခန့်ကို လက်ခံထားပြီး အများစုမှာ ဘင်္ဂါလီမွတ်စလင်များ ဖြစ်ကြသည်။
“ရာသီဥတု သာယာတာနဲ့အမျှ သူတို့ကို ပြန်လည်ခေါ်ဆောင်ဖို့ ရေတပ်သင်္ဘောတွေ စေလွှတ်သွားမှာပါ” ဟု ဦးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

အန်ဝါကမူ အာဆီယံ၏ ငြိမ်းချမ်းရေးအစီအစဉ်ကို လိုက်နာဆောင်ရွက်ရန် အားနည်းခဲ့မှုကြောင့် ထိပ်သီးအစည်းအဝေးများ တက်ရောက်ခွင့် ပိတ်ပင်ထားသည့် ၁၁ နိုင်ငံပါ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) တွင် မြန်မာနိုင်ငံ ပြန်လည်ပါဝင်လာရေး ကူညီပေးမည်ဟု ဦးမင်းအောင်လှိုင်အား ကတိပြုခဲ့သည်။ မလေးရှားသည် အကြမ်းဖက်မှုများ ရပ်တန့်ရန်နှင့် ပဋိပက္ခဖြစ်ပွားနေသည့် အဖွဲ့အစည်းများအကြား “အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးမှု” ပြုလုပ်ရန် တောင်းဆိုထားသည့် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်ကို ထိရောက်စွာ ထောက်ခံခဲ့သည့် နိုင်ငံဖြစ်သည်။
စောင့်ကြည့်ရေးအဖွဲ့များ၏ အဆိုအရ မြန်မာနိုင်ငံ၏ ပြည်တွင်းနေရာအနှံ့ စစ်ပွဲများမှာ ၅ နှစ်ထဲသို့ ရောက်ရှိလာပြီဖြစ်ပြီး လူပေါင်း ၁၀၀,၀၀၀ နီးပါး သေဆုံးကာ အနည်းဆုံး ၃ ဒသမ ၅ သန်း ခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ဖြစ်သည်ဟု ခန့်မှန်းထားသည်။
“အထူးသဖြင့် အာဆီယံ မူဘောင်အောက်မှာ ဘာခွဲခြားဆက်ဆံမှုမှ မရှိဘဲ မြန်မာနိုင်ငံကို ကျွန်တော်တို့ ကမ္ဘာ့မိသားစုဝင်အဖြစ် နောက်ဆုံးမှာ ပြန်လည်ပါဝင်လာအောင် ဖြစ်နိုင်သမျှ အရာအားလုံးကို မလေးရှားက ဆောင်ရွက်ပေးသွားမှာပါ” ဟု အန်ဝါက သတင်းထောက်များကို ပြောကြားခဲ့သည်။
မလေးရှားသည် ဒီဇင်ဘာနှင့် ဇန်နဝါရီလတို့တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲအပြီး ဧပြီလတွင် သမ္မတဖြစ်လာခဲ့သည့် ဦးမင်းအောင်လှိုင်အား လက်ခံတွေ့ဆုံခဲ့သည့် ၅ နိုင်ငံမြောက် အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်သည်။ လွန်ခဲ့သည့်လများအတွင်း သမ္မတကြီးသည် ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့သို့ သွားရောက်ခဲ့သည်။
မလေးရှားမှ ပြန်လည်ရောက်ရှိလာပြီးနောက် နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက အင်ဒိုနီးရှားနှင့် ဘရူနိုင်းနိုင်ငံတို့သည် နောက်ထပ်သွားရောက်မည့် နိုင်ငံများ ဖြစ်လာနိုင်ကြောင်း ပြောကြားခဲ့သည်။
“ဦးမင်းအောင်လှိုင်အပေါ် မလေးရှားရဲ့ သဘောထားပြောင်းလဲသွားတာဟာ မြန်မာအစိုးရကို ဆန့်ကျင်တားဆီးထားတဲ့ တမံကြီး ပြိုကျသွားတာပါပဲ” ဟု ကွာလာလမ်ပူရှိ Nottingham တက္ကသိုလ်၊ အာရှသုတေသနအင်စတီကျု၏ ဂုဏ်ထူးဆောင်သုတေသနအဖွဲ့ဝင် Bridget Welsh က ပြောသည်။
ဦးမင်းအောင်လှိုင်အား ကော်ဇောနီခင်း ကြိုဆိုခဲ့ကြသည့် ဒေသတွင်းခေါင်းဆောင်များသည် လူ့အခွင့်အရေးထက် လက်တွေ့ဆန်သည့် အကျိုးစီးပွားကို ဦးစားပေးနေကြခြင်းဖြစ်ကြောင်းလည်း သူမက ပြောသည်။

◾️ လက်တွေ့အဆင်ပြေမှုကို ကြည့်ရှုခြင်း
ဦးမင်းအောင်လှိုင်၏ သံတမန်ရေးအရ ကမ္ဘာ့မျက်နှာစာသို့ ပြန်လည်ဝင်ရောက်လာမှုသည် အရှေ့တောင်အာရှထက်မက ကျယ်ပြန့်လာခဲ့သည်။
ဧပြီလမှစတင်၍ ယခင်ဗိုလ်ချုပ်မှူးကြီးသည် အိန္ဒိယ၊ တရုတ်၊ ရုရှားနှင့် ဘီလာရုစ်နိုင်ငံတို့သို့လည်း သွားရောက်ခဲ့သည်။ ရောက်ရှိသည့် နေရာတိုင်းတွင် သူ၏အစိုးရသည် တည်ငြိမ်ပြီး “ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ရှိနေသည်” ဟု ပုံဖော်ခဲ့သလို ကုန်သွယ်ရေးနှင့် အခြေခံအဆောက်အအုံဆိုင်ရာ သဘောတူညီချက်များကိုလည်း ကမ်းလှမ်းခဲ့သည်။
ထိုလုပ်ဆောင်ချက်များကြောင့် အမေရိကန်ပြည်ထောင်စုပင်လျှင် တံခါးဖွင့်ပေးလိုက်သည့် ပုံစံမျိုး ရှိနေသည်။ ဝါရှင်တန်သည် ဦးမင်းအောင်လှိုင်အစိုးရနှင့် တိုက်ရိုက်ဆွေးနွေးမှုများ စတင်နေသည်မှာ နှစ်ကြိမ်အထိ ရှိနေပြီဖြစ်ကြောင်း ရိုက်တာသတင်းဌာနက လွန်ခဲ့သည့်သီတင်းပတ်အတွင်း ဖော်ပြခဲ့သည်။ ထိုဆွေးနွေးမှုများတွင် အမေရိကန်နိုင်ငံသားများထံမှ ဒေါ်လာဘီလီယံပေါင်းများစွာ လိမ်လည်ယူနေသည့် မြန်မာနိုင်ငံရှိ အွန်လိုင်းငွေလိမ်စင်တာများကို ပိတ်သိမ်းရေးအတွက် နောက်ဆုံးပြုလုပ်ခဲ့သော ဆွေးနွေးပွဲများ၌ အဓိကထား ဆွေးနွေးခဲ့ကြကြောင်း ရိုက်တာက ဖော်ပြခဲ့သည်။
ရန်ကုန်ရှိ တမ္ပဒီပအင်စတီကျု၏ ဒါရိုက်တာ ဦးခင်ဇော်ဝင်းက ဦးမင်းအောင်လှိုင်၏ အပြည်ပြည်ဆိုင်ရာ တရားဝင်မှုရရှိရန် ကြိုးပမ်းမှုသည် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့၏ ပေါင်းစပ်တွန်းအားပေးမှုကြောင့် ပိုမိုလွယ်ကူသွားခဲ့ကြောင်း ပြောကြားခဲ့သည်။ ထိုအိမ်နီးချင်း သုံးနိုင်ငံစလုံးသည် နယ်စပ်အနီး တိုက်ပွဲများ ဖြစ်ပွားခြင်း၊ ကုန်သွယ်ရေး ထိခိုက်ခြင်းနှင့် ဒုက္ခသည်များ ဝင်ရောက်လာခြင်း စသည့် စစ်ပွဲ၏ နောက်ဆက်တွဲဆိုးကျိုးများကို ရင်ဆိုင်နေကြရသည်။
ဦးခင်ဇော်ဝင်းက အဆိုပါ သုံးနိုင်ငံသည် “မြန်မာနိုင်ငံ အခြေအနေ ဘာဖြစ်လာမလဲဆိုတာပေါ်မှာ အကြီးမားဆုံး အကျိုးစီးပွား ပါဝင်ပတ်သက်နေသူတွေ” ဖြစ်ကြပြီး တပ်မတော်က တည်ထောင်ထားသည့် အစိုးရကို အသိအမှတ်ပြုစေချင်ကြကြောင်း ပြောသည်။ “သူတို့အားလုံးအတွက် လက်တွေ့အဆင်ပြေမှုက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်” ဟု သူက ဆိုသည်။
သို့သော်လည်း တိုးတက်လာသော သံတမန်ရေးအရ အသိအမှတ်ပြုမှုများသည် ပဋိပက္ခကို ဖြေရှင်းရာတွင် များစွာ အထောက်အကူ မပြုနိုင်ခဲ့ပေ။
ဦးမင်းအောင်လှိုင်က လက်နက်ကိုင်အဖွဲ့အားလုံးကို ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ဖိတ်ခေါ်ထားသော်လည်း နိုင်ငံတစ်ဝန်းတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်သည်။ တပ်မတော်၏ စစ်ကြောင်းတပ်ဖွဲ့များသည် ရခိုင်၊ ချင်း၊ ကချင်၊ ကရင်ပြည်နယ်များနှင့် စစ်ကိုင်းတိုင်းတို့တွင် အတိုက်အခံ လက်နက်ကိုင် ပုန်ကန်သူများနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များထံ လက်လွှတ်ခဲ့ရသော နယ်မြေများကို ပြန်လည်သိမ်းပိုက်ရန် စစ်ဆင်ရေးများ ပြုလုပ်လျက်ရှိသည်။ ၎င်းတို့ကို ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုများနှင့် တပ်ဖွဲ့ဝင်အင်အား သောင်းပေါင်းများစွာ တိုးပွားစေခဲ့သည့် စစ်မှုထမ်းစနစ်တို့က ကူညီပေးလျက်ရှိသည်။ တရုတ်နိုင်ငံကလည်း စစ်တပ်နှင့် နယ်စပ်ရှိ အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား အပစ်အခတ်ရပ်စဲရေးကို ကြားဝင်စေ့စပ်ပေးခြင်းဖြင့် ကူညီပေးခဲ့သည်။
သို့သော်လည်း ဒတ်ချ်သံတမန်ဟောင်း Laetitia van den Assum က တပ်မတော်အနေဖြင့် နိုင်ငံတစ်ဝန်းလုံးကို ပြန်လည်ထိန်းချုပ်နိုင်ခြေ နည်းပါးနေသေးကြောင်း ပြောကြားခဲ့သည်။
“ဒါဟာ အခုလို သီးခြားနေရာတစ်ခုကိုပဲ ထိန်းချုပ်ထားတဲ့ တပ်စခန်းအခြေပြုတပ်မျိုး မဟုတ်ဘဲ နယ်မြေအမြောက်အမြားကို စိစစ်စိုးမိုးနိုင်တဲ့ အကြီးမားဆုံး နယ်မြေသိမ်းတပ်မတော်ကြီးတစ်ခု လိုအပ်ပါလိမ့်မယ်။ ဒါကြောင့်လည်း ဦးမင်းအောင်လှိုင်ဟာ… သူဆက်လက်တိုက်ခိုက်ချင်တဲ့ ဧရိယာတွေကို တပ်ဖွဲ့တွေ ပို့ဆောင်နိုင်ဖို့အတွက် နိုင်ငံရဲ့ အချို့အစိတ်အပိုင်းတွေမှာ ယာယီအပစ်အခတ်ရပ်စဲရေး အများအပြား ပြုလုပ်ဖို့ လောင်းကြေးထပ်နေတာ ဖြစ်ပါတယ်”ဟုလည်း သူမက ဆိုသည်။
မြန်မာနိုင်ငံသည် ဘင်္ဂါလီများ၏ နိုင်ငံသားဖြစ်ခွင့်ကို ကာလရှည်ကြာ ငြင်းပယ်ထားသဖြင့် ၎င်းတို့အား နိုင်ငံသားအဖြစ် လက်ခံမည် မခံမည်ဆိုသည်မှာ မရေမရာ ဖြစ်နေသည်။ ထို့အပြင် ၎င်းတို့၏ နေရပ်ဖြစ်သော ရခိုင်ပြည်နယ်၏ နယ်မြေအများအပြားကို ရခိုင်အကြမ်းဖက်လက်နက်ကိုင် (AA) က ထိန်းချုပ်ထားသဖြင့် ၎င်းတို့ မည်သည့်နေရာသို့ သွားရောက်ရမည်ဆိုသည်မှာလည်း မရှင်းလင်းသေးပေ။

◾️ ကုန်ကျစရိတ်နည်းနည်းနှင့် အမြင်ကောင်းအောင် လုပ်ဆောင်နိုင်မှု
ဦးမင်းအောင်လှိုင်သည် အခြားသော အပြောင်းအလဲများကိုလည်း ပြုလုပ်ခဲ့သည်။
ဩဂုတ်လအတွင်း ထိုင်းနိုင်ငံသို့ မသွားရောက်မီ ရက်အနည်းငယ်အလိုတွင် ၂၀၂၁ ခုနှစ်က မဲမသမာမှုပြုကျင့်သဖြင့် ဖြုတ်ချခဲ့ရသော အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) နှင့် တွေ့ဆုံခွင့် ပေးခဲ့သည်။ အသက် ၈၁ နှစ်အရွယ် နိုဘယ်ဆုရှင်သည် အာဏာထိန်းသိမ်းချိန်မှစ၍ ပြင်ပနှင့် အဆက်အသွယ်ဖြတ်၍ ပြစ်ဒဏ်ကျခံနေရခြင်းဖြစ်ပြီး ICRC ၏ တွေ့ဆုံမှုကြောင့် နှစ်ပေါင်းများစွာအတွင်း သူမ၏ ပထမဆုံး ဓာတ်ပုံများကို ထုတ်ပြန်နိုင်ခဲ့သည်။
ဆစ်ဒနီတက္ကသိုလ်မှ သုတေသနအဖွဲ့ဝင် စိုင်းကြည်ဇင်စိုးကမူ အဆိုပါလုပ်ဆောင်ချက်သည် “စစ်မှန်သော နိုင်ငံရေးတံခါးဖွင့်မှုထက် စရိတ်နည်းပြီး အပေါ်ယံ အမြင်ကောင်းအောင် လုပ်ဆောင်မှုတစ်ခုသာ ဖြစ်သည်” ဟု ပြောခဲ့သည်။ အဆိုပါတွေ့ဆုံမှုသည် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေသေးသည်ဆိုသည်ကိုသာ အတည်ပြုနိုင်ခဲ့ပြီး “ဒါထက် ဘာမှ ပိုမရခဲ့ပါဘူး” ဟု သူက ပြောသည်။
ယခုအခါ အရာအားလုံးသည် အာဆီယံ၏ လက်ရှိနှင့် အလှည့်ကျ ဥက္ကဋ္ဌများဖြစ်သည့် ဖိလစ်ပိုင်နှင့် စင်ကာပူနိုင်ငံတို့အပေါ် များစွာ မူတည်နေပြီဖြစ်သည်။
(Al Jazeera က ဖော်ပြခဲ့သော As war rages, Myanmar’s coup leader-turned-president wins back neighbours ဆောင်းပါးအား MT News ၏ မူဝါဒနှင့်အညီ ဆီလျော်သလို ကောက်နုတ်ပြန်ဆိုထားခြင်းဖြစ်ပါသည်။)
