သက်တံ့
၁၆. ၁၀. ၂၀၂၆
နယ်စပ်ဖြတ်ကျော် မှောင်ခိုကူးရန် သံသယရှိသည့် ကုန်ကား ၁၀ စီးကို ဖမ်းဆီးရမိခဲ့ပြီးနောက် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်းတလိုင် (Lawngtlai) ခရိုင် အုပ်ချုပ်ရေးအဖွဲ့သည် မြန်မာနိုင်ငံသို့ ယာဉ်များ တရားမဝင် တင်ပို့နေမှုကို တားမြစ်ထားသည့် အမိန့်ကို တင်းကြပ်စွာ စိစစ်ဖော်ဆောင်ရန် ညွှန်ကြားလိုက်သည်။
အဆိုပါ ကုန်ကားများကို အင်္ဂါနေ့ အစောပိုင်းက လောင်းတလိုင်မြို့၊ AOC Veng ရပ်ကွက်ရှိ Young Lai Association (YLA) လူငယ်အသင်းခွဲ၏ စေတနာ့ဝန်ထမ်းများက ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ကြာသပတေးနေ့က ဒုတိယကော်မရှင်နာ (ခရိုင်အုပ်ချုပ်ရေးမှူး) Donny Lalruatsanga ဦးစီး၍ အထက်တန်းအရာရှိများနှင့် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် အိန္ဒိယနိုင်ငံထုတ် ခိုးရာပါယာဉ်များနှင့် မော်တော်ယာဉ်အသစ်များကို မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့ခြင်း မပြုရန် ခရိုင်ရာဇဝတ်တရားသူကြီး (District Magistrate) က စက်တင်ဘာ ၂၃ ရက်တွင် ထုတ်ပြန်ထားသည့် အမိန့်အား တင်းကြပ်စွာ လိုက်နာဆောင်ရွက်ရန် သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။
ထို့အပြင် ဖမ်းဆီးရမိထားသည့် ယာဉ်များနှင့် ပတ်သက်၍ ခရိုင်အာဏာပိုင်များနှင့် အိုင်ဇောလ်ရှိ ကိုယ်စားလှယ်ဆိုင် (Dealer) တို့အကြား ပြေလည်သော သဘောတူညီချက် ရရှိပါက အဆိုပါ မော်တော်ယာဉ်များကို ကိုယ်စားလှယ်ဆိုင်ထံ ပြန်လည်လွှဲပြောင်းပေးနိုင်ကြောင်း အုပ်ချုပ်ရေးအဖွဲ့က ဆုံးဖြတ်ခဲ့သည်။
အဆိုပါ ကုန်ကားများကို လောင်းတလိုင်မြို့တွင် ယာဉ်မှတ်ပုံတင်ရန်အတွက် Zothan Auto Works ထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုယာဉ်များကို မြန်မာနိုင်ငံအတွင်းရှိ တပ်မတော်အား တိုက်ခိုက်နေသည့် အကြီးမားဆုံး သောင်းကျန်းသူအဖွဲ့ဖြစ်သော ရခိုင်အကြမ်းဖက်လက်နက်ကိုင် AA အခြေစိုက်ရာ ရခိုင်ပြည်နယ်သို့ အဓိကထား၍ မှောင်ခိုကူးရန် ရည်ရွယ်ခဲ့ခြင်းဖြစ်ကြောင်း စွပ်စွဲချက်များ ထွက်ပေါ်နေသည်။
လက်ရှိတွင် အဆိုပါ မော်တော်ယာဉ်များကို လောင်းတလိုင်ခရိုင် မော်တော်ယာဉ်ပို့ဆောင်ရေးရုံး (DTO) ၏ တရားဥပဒေစိုးမိုးရေး အရာရှိများက ထိန်းသိမ်းထားသည်။
ခရိုင်အုပ်ချုပ်ရေးမှူး Lalruatsanga က အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် နိုင်ငံခြားသားများ၊ ဒုက္ခသည်များနှင့် မြန်မာနိုင်ငံ တောင်ပိုင်း ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့နှင့် ပြုလုပ်နေသည့် တရားမဝင် နယ်စပ်ကုန်သွယ်ရေးများနှင့် ပတ်သက်၍ ပြင်းထန်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း ပြောကြားခဲ့သည်။ ထိုကိစ္စရပ်များကို ထိန်းချုပ်သည့် စည်းမျဉ်းစည်းကမ်းများ ပြဋ္ဌာန်းပြီးဖြစ်ကြောင်းလည်း သူက ဆိုသည်။
ထို့အပြင် ယာဉ်သွားလာမှုများကို စိစစ်စစ်ဆေးနေသည့် အချို့သော ပုဂ္ဂိုလ်များသည် ဆက်ကြေးတောင်းခံမှုများတွင် ပါဝင်နေသည်ဆိုသည့် သတင်းများအပေါ် ခရိုင်အုပ်ချုပ်ရေးမှူးက စိုးရိမ်မကင်းဖြစ်မိကြောင်း ပြောကြားခဲ့သည်။ ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်၍ ဥပဒေအတိုင်း အရေးယူဆောင်ရွက်နိုင်ရန် စုံစမ်းစစ်ဆေးမှုများ စတင်သွားမည်ဟု ပြောသည်။
အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် တရားမဝင် ယာဉ်သွားလာလှုပ်ရှားမှုများကို ဟန့်တားရန် ပြတ်ပြတ်သားသား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Lalruatsanga က ပြောကြားခဲ့ပြီး အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ကြပါရန် တောင်းဆိုခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ ဒုတိယရဲမှူးကြီး၊ DTO မှ စိစစ်ရေးအရာရှိများနှင့် မီဇိုရမ် သတင်းထောက်များအသင်း (MJA) နှင့် ဗဟို Young Lai Association (CYLA) မှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။
Ref: TOI
