၁၆.၁၀.၂၀၂၆
Translated by Htwe Ko Tun
ပြင်သစ်နိုင်ငံမြောက်ပိုင်းရှိ ဥရောပတိုက်နှင့် ဗြိတိန်ကို ဆက်သွယ်ထားသည့် ရေအောက်ဥမင် လိုဏ်ခေါင်း Channel Tunnel ဝင်ပေါက်အနီးတွင် ကုန်တင်ကားမောင်းသူများကို တင်ဆောင်လာသည့် မီနီဘတ်စ်ကား တစ်စီးသည် ကုန်တင်ရထားတစ်စင်းနှင့် အောက်တိုဘာလ ၁၅ ရက်က တိုက်မိခဲ့ရာ ယာဉ်မောင်းနှင့် ခရီးသည် ၁၈ ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် နှစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။ အဆိုပါ မတော်တဆမှု ဖြစ်ပွားရသည့် အကြောင်းရင်းကို တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်နေပြီ ဖြစ်သည်။
ဘတ်စ်ကားယာဉ်မောင်း အပါအဝင် လူ နှစ်ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် လေကြောင်းဖြင့် လိုင်လီ (Lille) မြို့ရှိ ဆေးရုံတစ်ရုံသို့ ပို့ဆောင်ကုသမှု ခံယူစေခဲ့ရသည်။ သို့သော် ၎င်းတို့၏ ဒဏ်ရာများမှာ အသက်အန္တရာယ် စိုးရိမ်ရလောက်သည့် အခြေအနေမျိုး မဟုတ်ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အခြား ဒဏ်ရာရရှိ ခရီးသည်များကိုမူ အနီးနားရှိ ဆေးရုံများသို့ ပို့ဆောင်ကုသမှု ပြုလုပ်ပေးခဲ့သည်။
အဆိုပါ မီနီဘတ်စ်ကားသည် ဥမင်လိုဏ်ခေါင်းကို ဖြတ်သန်းမည့် သယ်ယူပို့ဆောင်ရေးရထားပေါ်သို့ တက်ရောက်ရန် ပြင်ဆင်နေကြသည့် နိုင်ငံအသီးသီးမှ ကုန်တင်ကားမောင်းသူများကို တင်ဆောင်လာခြင်းဖြစ်သည်။ LeShuttle ရထားဝန်ဆောင်မှုသည် ယာဉ်များနှင့် ၎င်းယာဉ်ပေါ်ပါ ခရီးသည်များကို ဥမင်လိုဏ်ခေါင်းမှတစ်ဆင့် ပို့ဆောင်ပေးသည်။
ပြင်သစ်နိုင်ငံ၊ ကာလေ့စ်ဒေသ ဒုတိယအုပ်ချုပ်ရေးမှူး အဂါသီ ကူရီက မတော်တဆမှု ဖြစ်ပွားရသည့် အကြောင်းရင်းကို ရှာဖွေဖော်ထုတ်ရန် စုံစမ်းစစ်ဆေးမှုများ စတင်နေပြီဖြစ်ကြောင်း ပြောကြားသည်။
Eurotunnel ရေအောက်ဥမင် လိုဏ်ခေါင်း၏ ယာဉ်တင်စင်မြင့်တွင် ဤကဲ့သို့သော ဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့ခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်ကြောင်းလည်း သူမက ဆိုသည်။
ဥရောပတိုက်မကြီးနှင့် ယူကေ အကြား ခရီးသည်တင်ရထား ဝန်ဆောင်မှုများကို ပြေးဆွဲပေးနေသည့် Eurostar ကုမ္ပဏီက ၎င်းတို့၏ ဝန်ဆောင်မှုများအပေါ် ဤတိုက်မိမှုက သက်ရောက်မှုရှိမည်မဟုတ်ကြောင်း ပြောကြားသည်။
“ယနေ့ညတွင် Channel Tunnel မှ ကီလိုမီတာအနည်းငယ်အကွာ၌ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သော်လည်း ၎င်းတွင် Eurostar နှင့် သက်ဆိုင်ခြင်း မရှိပါ။ ဤဖြစ်ရပ်သည် လန်ဒန်မြို့သို့ ထွက်ခွာမည့် သို့မဟုတ် လန်ဒန်မြို့မှ ပြန်လာမည့် Eurostar ရထားများအပေါ် သက်ရောက်မှု မရှိပါ။ Eurostar ရထားအားလုံးသည် ပုံမှန်အတိုင်း ဆက်လက်ပြေးဆွဲသွားမည် ဖြစ်သည်” ဟု ကုမ္ပဏီက ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။
ပဲရစ်နှင့် လန်ဒန်မြို့အကြား ပြေးဆွဲသည့် နောက်ဆုံးရထား နှစ်စင်းကိုမူ ဖျက်သိမ်းခဲ့ရသည်။ သို့သော် ဤသို့ ဖျက်သိမ်းရခြင်းမှာ အဆိုပါ မတော်တဆမှုကြောင့် မဟုတ်ဘဲ အင်ဂျင်နီယာပိုင်းဆိုင်ရာ လုပ်ငန်းများကြောင့်သာ ဖြစ်ကြောင်း Eurostar က ပြောခဲ့သည်။
ကီလိုမီတာ ၅၀(၃၁ မိုင်) ရှည်လျားသည့် အင်္ဂလိပ်ရေလက်ကြားအောက် ဥမင်လိုဏ်ခေါင်း Channel Tunnel သည် ကမ္ဘာပေါ်တွင် အရှည်ဆုံးသော ရေအောက်ဥမင် လိုဏ်ခေါင်းလည်းဖြစ်သည်။ ၎င်းသည် ၁၉၉၄ ခုနှစ်မှစတင်ကာ ပြင်သစ်နိုင်ငံမြောက်ပိုင်းရှိ ကိုကွယ်လီးစ် (Coquelles) မြို့နှင့် အင်္ဂလန်နိုင်ငံရှိ ဖို့က်စတုံး (Folkestone) မြို့တို့ကို ချိတ်ဆက်ပေးထားသည်။ Getlink ကုမ္ပဏီက စီမံခန့်ခွဲလည်ပတ်နေသော ဤဥမင်လိုဏ်ခေါင်းကို နေ့စဉ် ရထားရာပေါင်းများစွာ ဖြတ်သန်းအသုံးပြုလျက်ရှိရာ ၂၀၂၅ ခုနှစ်အတွင်း ခရီးသည် ၁၁ ဒသမ ၈ သန်းကို ပို့ဆောင်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။
Ref -DW News
