၁၆.၁၀ ၂၀၂၆
Written by Linn Eain
Tik Tok ကတစ်ဆင့် အမျိုးသမီးငယ်နှစ်ဦးကို တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန်စည်းရုံး စီစဉ်ဆောင်ရွက်ခဲ့သည့် အမျိုးသမီးတစ်ဦးကို လူကုန်ကူးမှုဖြင့် အောက်တိုဘာ ၁၅ ရက်က အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်နေ အမျိုးသမီးငယ်တစ်ဦးနှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်နေ အမျိုးသမီးတစ်ဦးတို့ကို မခိုင်သဇင်ထွန်း(ခ)မခိုင်က ၎င်း၏ TikTok အကောင့် ခိုင်ရီးအမည်ဖြင့် အမျိုးသမီးနှစ်ဦး၏ TikTok အကောင့်သို့ အလုပ်လိုချင်လား၊ တရုတ်အမျိုးသားနှင့် အိမ်ထောင်ပြုသည့် အလုပ်ရှိကြောင်း၊ ခြောက်လ တစ်နှစ်နေရမည်ဖြစ်ပြီး တရုတ်ငွေယွမ် ၃၀၀၀၀ ရရှိမည်ဖြစ်ကြောင်း၊ အိမ်ထောင်ပြုသည့် တရုတ်အမျိုးသားမှ မုန့်ဖိုးအဖြစ် တစ်လ မြန်မာငွေကျပ် သိန်း(၂၀/၃၀) ပေးမည်ဖြစ်ကြောင်းနှင့် တစ်နှစ်ပြည့်က ပြန်လာရမည် ဖြစ်ကြောင်း၊ လမ်းခရီးစရိတ်လည်းကျခံပေးမည်ဖြစ်ကြောင်း ပြောဆိုစည်းရုံးခဲ့ကြောင်း သိရသည်။
ထို့နောက် တရုတ်နိုင်ငံသို့ပို့ဆောင်ရောင်းစားရန် မြောက်ဥက္ကလာပမြို့နယ်ရှိ တည်းခိုခန်းတစ်ခုသို့ ခေါ်ဆောင်လာကြောင်း စိစစ်ပေါ်ပေါက်သဖြင့် အမှတ်(၁၁) လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စု(မန္တလေး)မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ပြည်ကြီးတံခွန်မြို့နယ် ပြည်ကြီးတံခွန်မြို့မရဲစခန်း (ပ)၁၂၈/၂၀၂၆၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ ဖြင့် အမှုဖွင့် တရားစွဲခဲကြာင်း သိရသည်။
ယင်းနောက် အောက်တိုဘာ ၁၅ ရက်တွင် မဟာအောင်မြေခရိုင်တရားရုံးက ဖမ်းမိတရားခံ မခိုင်သဇင်ထွန်း(ခ)မခိုင်အား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
