၁၆.၁၀.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ အော်ရီဂွန်ပြည်နယ်၊ ဘန်ဒ် (Bend) မြို့ရှိ မူလတန်းကျောင်းတစ်ကျောင်းတွင် အသက် ၁၆ နှစ်အရွယ် သေနတ်သမားတစ်ဦးက ကလေးသုံးဦးနှင့် ဆရာတစ်ဦးကို အောက်တိုဘာလ ၁၅ ရက်က ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး အခြားနှစ်ဦးကို ဒဏ်ရာရရှိစေခဲ့သည်။ ဒေသခံတစ်ဦးက ၎င်းသေနတ်သမားကို နောက်ယောင်ခံတားဆီးခဲံ့ပြီး သံသယရှိသူ သေနတ်သမားအား သတ်ဖြတ်နိုင်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။
“ဖြစ်စဉ်နေရာမှာ သေဆုံးသွားသူတွေထဲမှာ အသက် ၅ နှစ်၊ ၈ နှစ်နဲ့ ၁၁ နှစ်အရွယ် ကလေးသုံးဦးနဲ့ ဆရာတစ်ဦး ပါဝင်ပါတယ်” ဟု ဘန်ဒ်မြို့ ရဲတပ်ဖွဲ့အကြီးအကဲ မိုက်ခ် ခရန့်ဇ်က သတင်းထောက်များကို ပြောကြားခဲ့သည်။
အခြားကလေးတစ်ဦးနှင့် ဆရာတစ်ဦးမှာမူ ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ထားရသည်။
ဒေသစံတော်ချိန် နေ့လယ် ၁ နာရီခန့် (GMT အချိန် ၂၀:၀၀) တွင် Silver Rail မူလတန်းကျောင်းအပြင်ဘက်ရှိ ယာဉ်တစ်စီးပေါ်မှ လူတစ်ဦးက 911 အရေးပေါ်ဖုန်းလိုင်းသို့ ဆက်သွယ်လာပြီး ရှည်လျားသော သေနတ်တစ်လက်ကိုင်ဆောင်ထားသူတစ်ဦးက မိမိတို့အား ပစ်ခတ်ခဲ့ကြောင်း အကြောင်းကြားလာခဲ့သည်ဟု ခရန့်ဇ်က ပြောသည်။
ကျောင်းအတွင်းပိုင်းမှလည်း 911 ဖုန်းခေါ်ဆိုမှုများ ထပ်မံရောက်ရှိလာခဲ့ကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရှီလာ မီလာက ပြောသည်။ ရဲတပ်ဖွဲ့ဝင်များသည် မိနစ်ပိုင်းအတွင်း အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာခဲ့ကြသည်။
“စက္ကန့်ပိုင်းအကြာမှာပဲ ဒီဖြစ်စဉ်မှာ ပါဝင်တဲ့ သေနတ်သမားလို့သံသယရှိသူ လဲကျသေဆုံးသွားပြီဆိုတဲ့ သတင်းကို ရေဒီယိုဆက်သွယ်ရေးကနေတစ်ဆင့် ရရှိခဲ့ပါတယ်”ဟု မီလာက ပြောသည်။
ပစ်ခတ်မှုဖြစ်ပွားရာနေရာသို့ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာချိန်တွင် ကျောင်းသားများကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့သည်။
ဘန်ဒ်မြို့သည် အော်ရီဂွန်ပြည်နယ် အလယ်ပိုင်းတွင် တည်ရှိပြီး လူဦးရေ ၁၀၀,၀၀၀ ခန့်ရှိကာ ပို့တလန်မြို့၏ အရှေ့တောင်ဘက် မိုင် ၁၇၀ (ကီလိုမီတာ ၂၈၀) ခန့်အကွာတွင် တည်ရှိသည်။
နောက်ပိုင်းတွင် ထုတ်ပြန်သည့် အချက်အလက်များအရ ရဲတပ်ဖွဲ့ဝင်များသည် ကျောင်းသားများကို ဘတ်စ်ကားများဖြင့် အခြားနေရာတစ်ခုသို့ ပို့ဆောင်ပေးခဲ့ပြီး ထိုနေရာတွင် ကျောင်းသားများသည် ၎င်းတို့၏ မိသားစုဝင်များနှင့် ပြန်လည်တွေ့ဆုံနိုင်မည်ဖြစ်သည်။ အဆိုပါကျောင်းတွင် သူငယ်တန်းမှ ပဉ္စမတန်းအထိ (အသက် ၅ နှစ်မှ ၁၁ နှစ်အရွယ် ကလေးများ) ပညာသင်ကြားလျက်ရှိသည်။ ကျောင်းတွင် ကျောင်းသား ၄၅၀ ခန့်နှင့် ဝန်ထမ်း ၄၀ ဦးခန့် ရှိကြောင်း မီလာက ပြောကြားသည်။
လက်နက်ကိုင်ဆောင်ခွင့် ကျယ်ပြန့်စွာ ရှိနေသည့် အမေရိကန်ပြည်ထောင်စုတွင် သေနတ်အသုံးပြုသည့် အကြမ်းဖက်မှုများ မကြာခဏဖြစ်ပွားလေ့ရှိရာ အမေရိကန်သမိုင်းတွင် အသေအပျောက်အများဆုံး ကျောင်းတွင်းပစ်ခတ်မှုဖြစ်ရပ်တစ်ခုကို ၂၀၀၇ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့က ဗာဂျီးနီးယားနည်းပညာတက္ကသိုလ်တွင် တွေ့ကြုံခဲ့ရသည်။ ထိုဖြစ်ရပ်၌ တောင်ကိုရီးယားကျောင်းသား Seung-Hui Cho သည် လူ ၃၂ ဦးကို သတ်ဖြတ်ပြီး ၁၇ ဦးကို ဒဏ်ရာရရှိစေခဲ့ကာ ထို့နောက် မိမိကိုယ်မိမိ အဆုံးစီရင်သွားခဲ့သည်။
သေနတ်အကြမ်းဖက်မှု မှတ်တမ်းဌာန၏ အချက်အလက်များအရ ယခုနှစ်အတွင်း အမေရိကန် ပြည်ထောင်စု၌ လူအများအပြား ထိခိုက်သေဆုံးစေသည့် ပစ်ခတ်မှုဖြစ်ရပ်ပေါင်း ၃၆၅ ခုထက်မက ဖြစ်ပွားခဲ့သည်။ ၎င်းတို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ပစ်ခတ်သူမပါဝင်ဘဲ လူ ၄ ဦး သို့မဟုတ် ၄ ဦးထက်ပိုသော အရေအတွက်ကို သေနတ်ဖြင့် ပစ်ခတ်သည့် ဖြစ်ရပ်မျိုးကို လူအစုလိုက်အပြုံလိုက် ပစ်ခတ်မှုဟု သတ်မှတ်သည်။
Ref- Reuters
