သတိုး
၂၁. ၉. ၂၀၂၆
ယနေ့ကျင်းပသော “လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို့” အမျိုးသားအဆင့်အလုပ်ရုံဆွေးနွေးပွဲတွင် လယ်ယာကဏ္ဍမှ နိုင်ငံ့ထုတ်ကုန်တိုးတက်ရေးအတွက် ထုတ်လုပ်မှုမှ ကုန်ကြမ်း၊ တန်ဖိုးမြှင့်ထုတ်ကုန်၊ စက်မှုလုပ်ငန်း၊ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်အထိ တန်ဖိုးကွင်းဆက်တစ်လျှောက် ချိတ်ဆက်ဖော်ဆောင်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မှာကြားခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးထံမှ သိရသည်။
မြန်မာနိုင်ငံတွင် ကျေးလက်နေပြည်သူများနှင့် လယ်ယာ၊ သားငါး၊ သစ်တောကဏ္ဍတွင် လုပ်ကိုင်သူများပြားသဖြင့် စိုက်ပျိုးမွေးမြူရေးကို စနစ်တကျဆောင်ရွက်ကာ ကုန်ထုတ်လုပ်မှုနှင့် ကျေးလက်ဝင်ငွေ တိုးတက်စေရန် အလေးထားရန် လိုအပ်ကြောင်း၊ မိရိုးဖလာစိုက်ပျိုးရေးမှ စီးပွားဖြစ်လယ်ယာစိုက်ပျိုးရေးသို့ ကူးပြောင်းပြီး “မျိုး၊ မြေ၊ ရေ၊ နည်း” အခြေခံအချက်များ ပြည့်စုံစေရန်၊ လယ်ယာသုံးစက်ကိရိယာအသုံးပြုမှု၊ ထုတ်လုပ်မှုကုန်ကျစရိတ်လျှော့ချရေးနှင့် ကုန်ထုတ်စွမ်းအားမြှင့်တင်ရေးတို့ကို ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် လယ်ယာထွက်ကုန်များကို ကုန်ကြမ်းအဆင့်ဖြင့်သာ မရောင်းချဘဲ ကြိတ်ခွဲခြင်း၊ သန့်စင်ခြင်း၊ အခြောက်ခံခြင်း၊ ထုပ်ပိုးခြင်းနှင့် ပြုပြင်ထုတ်လုပ်ခြင်းတို့မှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတက မှာကြားခဲ့သည်။
အလားတူ ဝါကို ဝါဂွမ်း၊ ချည်၊ ချည်ထည်နှင့် အဝတ်အထည်အထိ၊ ဝါးကို စက္ကူ၊ ပရိဘောဂနှင့် အခြားတန်ဖိုးမြှင့်ထုတ်ကုန်များအထိ တန်ဖိုးကွင်းဆက်တစ်လျှောက် ဖော်ဆောင်နိုင်ရေး အလေးထားရန် လိုအပ်ကြောင်း၊ ကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ငါးနှင့် အခြားမွေးမြူရေးလုပ်ငန်းများတွင် ထုတ်လုပ်မှုစနစ်၊ အစာစရိတ်၊ နည်းပညာ၊ မျိုးကောင်းမျိုးသန့်နှင့် ဈေးကွက်ချိတ်ဆက်မှုများ တိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် ဒေသထွက် စိုက်ပျိုးမွေးမြူရေးကုန်ကြမ်းများကို အခြေခံသည့် MSME လုပ်ငန်းများ ဖွံ့ဖြိုးလာပါက ဒေသတွင်းအလုပ်အကိုင်၊ ဝင်ငွေနှင့် စီးပွားရေးလည်ပတ်မှု တိုးတက်နိုင်သဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME ကဏ္ဍများကို တန်ဖိုးကွင်းဆက်တစ်ခုအဖြစ် ချိတ်ဆက်ဖော်ဆောင်ရန် လိုအပ်ကြောင်း မှာကြားခဲ့သည်ဟုလည်း သိရသည်။
အထက်ပါမှာကြားမှုများအပြင် Digital Agriculture၊ Precision Agriculture နှင့် Artificial Intelligence နည်းပညာများကို မြေယာ၊ ရေ၊ ရာသီဥတု၊ သီးနှံနှင့် ဈေးကွက်အချက်အလက်များအပေါ် အခြေခံ၍ လက်တွေ့အသုံးချရန် လိုအပ်ပါကြောင်းနှင့် အစိုးရ၊ တောင်သူလယ်သမားများ၊ ပုဂ္ဂလိကကဏ္ဍ၊ စက်မှုလုပ်ငန်းရှင်များ၊ ကုန်သည်များ၊ ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ တက္ကသိုလ်နှင့် သုတေသနအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်၍ လက်တွေ့အကောင်အထည်ဖော်နိုင်မည့် မူဝါဒနှင့် လုပ်ငန်းစီမံချက်များ ထွက်ပေါ်လာစေရန် ဆွေးနွေးသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
