နေမိုး
၂၁. ၉. ၂၀၂၆
အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူ သွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများကို ပြုလုပ်လျက်ရှိရာ ယခုလည်း PDF များ ထောင်ထားသည့် မိုင်းကို ဆိုင်ကယ်နှစ်စီးဖြင့် ဘုရားဖူးသွားသည့် အမျိုးသမီးသုံးဦး နင်းမိရာက တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရမှု မုံရွာမြို့နယ်တွင် ဖြစ်ပွားခဲ့သည်။
NUG ဩဇာခံ PDF များ၏ ကျူးလွန်မှုဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ပြည်သူ့ဆေးရုံ၌ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိသူများ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် မုံရွာမြို့နယ်၊ အေးသာယာရပ်ကွက်နေ ဒေါ်ဝေဝေဖြိုး(ခ)မီးမီး(၃၀)နှစ်၊ မုံရွာတောင်ရပ်ကွက်နေ မရွှေရတီဖြိုး(၁၃)နှစ်နှင့် မြဝတီရပ်ကွက်နေ ဒေါ်စိုးစိုးဝင်း(၅၀)နှစ်တို့သည် မုံရွာမြို့မှ ကျောက္ကာကျေးရွာသို့ ဘုရားဖူးရန် ဆိုင်ကယ် နှစ်စီးဖြင့် မုံရွာ – အရာတော်ကားလမ်းအတိုင်း ထွက်ခွာလာစဉ် ထနောင်းဝန်းကျေးရွာအနီးအရောက် လမ်းဘေးမှ PDF များ ထောင်ထားသည့် မိုင်း တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့သုံးဦးတွင် အသီးသီး ထိခိုက်ဒဏ်ရာများရရှိခဲ့၍ မုံရွာမြို့နယ်ပြည်သူ့ဆေးရုံသို့ ဆေးကုသရန် ပို့ဆောင်စဉ် ဒေါ်ဝေဝေဖြိုး(ခ)မီးမီးမှာ ရရှိထားသော ထိခိုက်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
