၂၁.၉.၂၀၂၆
Translated by Htwe Ko Tun
တရုတ်တိုင်ပေနိုင်ငံ၊ တိုင်ချွန်မြို့ရှိ ရုံးခန်းတစ်ခုရဲ့ ရေခဲသေတ္တာထဲမှာ ပျောက်ဆုံးနေတာ တစ်ပတ်ကြာမြင့်ပြီဖြစ်တဲ့ အသက် ၃၇ နှစ်အရွယ် ထိုင်းအမျိုးသမီးတစ်ဦးရဲ့ ရုပ်အလောင်းကို ခရီးဆောင်အိတ်တစ်လုံးအတွင်း လည်ပင်းညှစ်သတ်ခံထားရတဲ့ အခြေအနေနဲ့ စက်တင်ဘာ ၁၉ ရက်က တွေ့ရှိခဲ့ရတယ်လို့ စက်တင်ဘာ ၂၀ ရက် သတင်းတွေက ဖော်ပြခဲ့ပါတယ်။
ရဲတပ်ဖွဲ့က သူမရဲ့ ရည်းစားဖြစ်တဲ့ အသက် ၄၃ နှစ်အရွယ် တိုင်ဝမ်နိုင်ငံသားကို လူသတ်မှုနဲ့ ဖမ်းဆီးတရားစွဲဆိုထားတယ်လို့လည်း သိရပါတယ်။
Channel News Asia နှင့် Taipei Times သတင်းဌာနများရဲ့ ဖော်ပြချက်အရ အာ့သ် လို့သာ သိရှိရတဲ့ ထိုင်းအမျိုးသမီးရဲ့ ရုပ်အလောင်းကို စက်တင်ဘာ ၁၉ ရက်က တိုင်ချွန်မြို့ရှိ နည်းပညာကုမ္ပဏီတစ်ခုရဲ့ ရေခဲသေတ္တာထဲမှာ ထည့်ထားတဲ့ ခရီးဆောင်အိတ်တစ်လုံးအတွင်းမှာတွေ့ ရှိခဲ့တာပါ။
ရုပ်အလောင်းကို ထိုနေရာတွင် ဖုံးကွယ်ထားခဲ့တာ တစ်ပတ်ခန့်ရှိသွားပြီလို့ ယူဆရပါတယ်။ ဝူ လို့သာ သိရှိရတဲ့ သူမရဲ့ရည်းစားကို စက်တင်ဘာ ၁၉ ရက် အစောပိုင်းက ဖမ်းဆီးခဲ့ပြီး သူက ရဲတပ်ဖွဲ့ကို ရေခဲသေတ္တာရှိရာနေရာကို လိုက်ပြခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
အာ့သ်နဲ့ ဝူတို့ဟာ ဝူက ထိုင်းနိုင်ငံကို မကြာခဏသွားရောက်လည်ပတ်စဉ်ထဲက ချစ်ကြိုက်ခဲ့ကြတာဖြစ်ပြီး တိုင်ဝမ် ဒါမှမဟုတ် ထိုင်းနိုင်ငံတို့မှာ ရံဖန်ရံခါ တွေ့ဆုံလေ့ရှိခဲ့ကြပါတယ်။ သူတို့ရဲ့ ဆက်ဆံရေးက အာ့သ် အသတ်မခံရမီအထိ တစ်နှစ်ခန့်ကြာမြင့်ခဲ့ပါတယ်။
အာ့သ်ဟာ စက်တင်ဘာလ ၂ ရက်က ထိုင်ဝမ်ကိုရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၁၂ ရက်မှာတော့ ဝူက တိုင်ပေမြို့၊ ရှီမန်တင်းဒေသအနီးရှိ သူမတည်းခိုနေတဲ့ ဟိုတယ်ကို သွားရောက်ခဲ့ပါတယ်။ နောက်တစ်နေ့မှာ သူဟာ ခရီးဆောင်အိတ်ကြီးတစ်လုံးကို ယူဆောင်ပြီး ဟိုတယ်မှ ထွက်ခွာသွားခဲ့ပါတယ်။ ထိုအချိန်မှစလို့ အာ့သ်ကို ဘယ်သူမှ မတွေ့မြင်ရတော့သလို ဆက်သွယ်လို့လည်း မရတော့တာပါ။
လုံခြုံရေးကင်မရာ မှတ်တမ်းတွေအရ ဒေသခံရဲတပ်ဖွဲ့က ဝူကို ဖမ်းဆီးနိုင်ခဲ့တာပါ။ အာ့သ်က သူတို့ရဲ့ ဆက်ဆံရေးကို အဆုံးသတ်လိုတယ်လို့ ပြောကြားခဲ့ရာမှာ စိတ်မထိန်းနိုင်ဖြစ်ပြီး သူမရဲ့လည်ပင်းကို ညှစ်သတ်ခဲ့တယ်လို့ သူက ရဲတပ်ဖွဲ့ကို ဝန်ခံပြောကြားခဲ့ပါတယ်။
ဒီနောက် သူမရဲ့ရုပ်အလောင်းကို ခရီးဆောင်အိတ်ကြီးထဲ ထည့်ကာ တိုင်ချွန်မြို့ရှိ သူ့ရုံးခန်းကို ယူဆောင်သွားခဲ့ပါတယ်။ ရုပ်အလောင်းကို ရေခဲသေတ္တာထဲမှာ ထည့်ထားခဲ့ပြီး ရဲတပ်ဖွဲ့က စက်တင်ဘာ ၁၉ ရက်မှာ တွေ့ရှိတဲ့အထိ ထိုနေရာမှာပဲ ရှိနေခဲ့တာလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ထိုင်းသတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ သေဆုံးသူ အာ့သ်မှာ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း၊ နာခွန် ရတ်ချာစီမာ ပြည်နယ်၊ ဖီမိုင်ခရိုင်မှ ဖြစ်ပြီး သူမရဲ့အမည်မှာ ဒွမ်ပွန် အာ့သန် ဖြစ်တယ်လို့ သိရပါတယ်။
Ref: Bangkok Post
