MT News
၂၁. ၉. ၂၀၂၆
မကြာမီကာလတွင် 5G မိုဘိုင်းကွန်ရက်စနစ်များ စတင်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က စက်တင်ဘာ ၁၉ ရက်က ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် ဟံသာဝတီရုံး၌ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် မိုဘိုင်းတယ်လီဖုန်း အော်ပရေတာများ၊ အင်တာနက်ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
ထို့ပြင် ရန်ကုန်မြို့ရှိ ရှုပ်ထွေးကေဘယ်လ်များကို အဆင့်အလိုက် ရှင်းလင်းဆောင်ရွက်နေသည့် လုပ်ငန်းတွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့သည်။
တွေ့ဆုံပွဲအပြီးတွင် တယ်လီဖုန်းအော်ပရေတာ MyTel ရုံးတွင် ဒေတာစင်တာလုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့အတူ စက်တင်ဘာ ၂၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ပျဉ်ထောင်ကျောင်းကျေးရွာရှိ ဂြိုဟ်တုဆက်သွယ်ရေးမြေပြင်စခန်း၊ အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း ရေဒီယိုစခန်းများ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ၊ ပုဇွန်တောင်မြို့နယ် ဆက်သွယ်ရေးသင်တန်းကျောင်း၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဝန်ထမ်းများ၏ လုပ်ငန်းကျွမ်းကျင်မှု အရည်အသွေး မြင့်မားစေရေးအတွက် နှစ်အလိုက် သင်တန်းအစီအစဉ်များ စနစ်တကျရေးဆွဲ ဆောင်ရွက်မှု၊ လက်တွေ့လေ့ကျင့်သည့် စက်ပစ္စည်းများ၊ သင်တန်းတွင် ဒီဂျစ်တယ် အွန်လိုင်းနည်းပညာများဖြင့် သင်ကြားပို့ချမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများ မှာကြားသည်။
ဆက်လက်၍ ဗိုလ်တထောင်မြို့နယ်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဗဟိုပစ္စည်းသိုလှောင်ရေးစခန်းကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး စက်ပစ္စည်းများ စနစ်တကျ သိုလှောင်ထားရှိရေး၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြန့်ဖြူးပို့ဆောင်သုံးစွဲရေးတို့နှင့် စပ်လျဉ်း၍ မှာကြားခဲ့ကြောင်း သိရသည်။
ခေတ်နှင့်အညီ လိုအပ်လာသည့် 5G စနစ်နည်းပညာ ဝန်ဆောင်မှုပေးနိုင်ရေးအတွက် ဆက်သွယ်ရေးအော်ပရေတာများ အသုံးပြုရန် လိုအပ်သည့် 2600MHz လှိုင်းနှုန်းစဉ်ကို သတ်မှတ်ခွင့်ပြုပေးပြီးဖြစ်ကာ အကောင်အထည်ဖော်တည်ဆောက်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်းလည်းဒီဂျစ်တယ်ဖွံဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က ပြောကြားထားသည်။
