၂၁.၉.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်နှင့် ဆက်ဆံရေး တင်းမာနေချိန်မှာပင် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်နှင့် ကနေဒါ ဝန်ကြီးချုပ် မာ့ခ်ကာနေးတို့က နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်လုပ်ဆောင်သွားမည်ဟု စက်တင်ဘာလ ၂၀ ရက်က ကြေညာခဲ့ကြသည်။
ခေါင်းဆောင်နှစ်ဦးက ကနေဒါနိုင်ငံ၏ အတ္တလန္တိတ်သမုဒ္ဒရာကမ်းရိုးတန်းအနီးရှိ ပြင်သစ်ပိုင် စိန့်ပီယာနှင့် မီကွီလွန်ကျွန်းစု (Saint Pierre and Miquelon) ကိုယ်ပိုင်အုပ်ချုပ်ရေး နယ်မြေမှတစ်ဆင့် ဤကြေညာချက်ကို စက်တင်ဘာလ ၂၀ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ကာနေး၏ ရုံးခန်းမှ ထုတ်ပြန်ချက်အရ ခေါင်းဆောင်များသည် လေကြောင်းနှင့် အာကာသနည်းပညာ၊ စွမ်းအင်၊ အရေးပါသော သတ္တုသယံဇာတများနှင့် ကွမ်တမ် ကွန်ပျူတာနည်းပညာ၊ ဂြိုဟ်တုများ၊ စူပါကွန်ပျူတာနည်းပညာ ကဲ့သို့သော ခေတ်မီနည်းပညာရပ်များအကြောင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
နိုင်ငံနှစ်ခုစလုံးသည် အမေရိကန်နှင့် ဆက်ဆံရေး တင်းမာမှုများ ကြုံတွေ့နေရချိန်တွင် ကနေဒါနိုင်ငံအနေဖြင့် ဥရောပဘက်သို့ ပိုမိုအားစိုက် ဦးတည်လာနေသည့် ခြေလှမ်းသစ်တစ်ခုလည်း ဖြစ်သည်။
မက်ခရွန်နှင့် ကာနေးတို့၏ တွေ့ဆုံမှုမှာ ဥရောပသမဂ္ဂက ကနေဒါနိုင်ငံအား တွဲဖက်အဖွဲ့ဝင် အဆင့်အတန်းပေးအပ်ရန် ကမ်းလှမ်းခဲ့သော ကာနေး၏ ဘရပ်ဆဲလ်ခရီးစဉ်အပြီးတွင် ဖြစ်ပေါ် လာခြင်း ဖြစ်သည်။
“ကျွန်တော်တို့ နှစ်နိုင်ငံစလုံးဟာ လွတ်လပ်ပြီး ကြီးကျယ်ခမ်းနားတဲ့ နိုင်ငံတွေဖြစ်သလို အဲဒီအတိုင်း ဆက်လက်ရပ်တည်လိုကြတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု မက်ခရွန်က ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပြီး ငါးဖမ်းလုပ်ငန်း၊ လုံခြုံရေးနှင့် စွမ်းအင်ကဏ္ဍများတွင် ပိုမိုနီးကပ်သော ဆက်ဆံရေးအတွက် ပြင်သစ်နှင့် ကနေဒါတို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
“ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးရေး၊ လွတ်လပ်ပြီး မျှတတဲ့ ကုန်သွယ်မှုကို လေးစားလိုက်နာခြင်း၊ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်တွေအတွက် အခြေခံဖြစ်တဲ့ သိပ္ပံပညာရပ်နဲ့ ကျွန်တော်တို့ ကာကွယ်စောင့်ရှောက်တဲ့ မဟာဗျူဟာမြောက် ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် စတာတွေကို ကျွန်တော်တို့ နှစ်ဦးစလုံး ယုံကြည်လက်ခံထားပါတယ်” ဟု မက်ခရွန်က ပြောကြားခဲ့သည်။ ထို့အပြင် “ဒါတွေကပဲ ကနေဒါနဲ့ ပြင်သစ်၊ ကနေဒါနဲ့ ဥရောပသမဂ္ဂတို့ကို အလွန်နက်ရှိုင်းစွာ ချိတ်ဆက်ပေးထားတာ ဖြစ်ပါတယ်။” ဟု လည်း ၎င်းကပြောခဲ့သည်။
ကာနေးကလည်း “မိမိတို့၏ အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်သူများ၊ မိမိတို့၏ တန်ဖိုးထားမှုများကို စွဲကိုင်ထားသူများကို သမိုင်းက အသိအမှတ်ပြု မှတ်တမ်းတင်လေ့ရှိသည်” ဟု ၎င်း၏မိန့်ခွန်းတွင် အလေးပေးပြောကြားခဲ့သည်။
သို့သော်လည်း ၎င်းက ပြင်သစ်၊ ကနေဒါ၊ အမေရိကန်နှင့် တရုတ်နိုင်ငံတို့အနေဖြင့် ဉာဏ်ရည်တု နည်းပညာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ကြရန်လည်း အဆိုပြုခဲ့သည်။
ပြင်သစ်သမ္မတ မက်ခရွန်၏ စိန့်ပီယာနှင့် မီကွီလွန် ကျွန်းစုများသို့ သုံးရက်ကြာ ခရီးစဉ်သည် လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်ကာလအတွင်း ပြင်သစ်သမ္မတတစ်ဦး၏ ပထမဆုံးသော လာရောက်လည်ပတ်မှု ဖြစ်သည်။ ကာနေး အနေဖြင့်လည်း ပြင်သစ်ပိုင် အဆိုပါနယ်မြေသို့ လာရောက်လည်ပတ်သည့် ပထမဆုံး ကနေဒါဝန်ကြီးချုပ် ဖြစ်သည်။
ခေါင်းဆောင်များ၏ ဤတွေ့ဆုံမှုသည် အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေး တင်းမာနေချိန်တွင် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ကနေဒါနိုင်ငံကို အမေရိကန်ပြည်ထောင်စု၏ (၅၁) ခုမြောက် ပြည်နယ်အဖြစ် သတ်မှတ်ရန် သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်၏ ထပ်ခါတလဲလဲ ပြောကြားချက်များကို ကနေဒါအစိုးရက ပြင်းထန်စွာ ပယ်ချထားသည်။
Ref: AP, AFP
