၂၁.၉.၂၀၂၆
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်၊ လှော်ကားဥယျာဉ်ဝန်းရှိ သဘာဝရေကန်တွင် ရေဆင်းကူးသည့် အမျိုးသားတစ်ဦး ရေနစ်သေဆုံးမှု စက်တင်ဘာလ ၂၀ ရက် မွန်းလွဲ ၁ နာရီ ၄၀ ခန့်က ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူများထံမှ သိရသည်။
ရေနစ်သူမှာ ရွှေပြည်သာမြို့နယ်၊ ဇီးကုန်း ၂၄/၁ ရပ်ကွက်တွင် နေထိုင်သော အသက် ၂၀ အရွယ် ကိုသီဟ(ခ) သံပရာဖြစ်ပြီး လှော်ကားဥယျာဥ်ဝင်းရှိ နားနေဆောင် အမှတ်(၃)တွင် လာရောက်လည်ပတ်ကာ သဘာဝရေကန်ထဲ ရေဆင်းကူးရာမှ ရေနစ်ကာ ပျောက်ဆုံးနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရေနစ်ပျောက်ဆုံးသူကို မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ညနေ ၄ နာရီ ၅၅ မိနစ်တွင် ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။
သေဆုံးသူ၏ ရုပ်အလောင်းကို ဘက်စုံလူမှုကူညီရေးအသင်းမှ အသင်းဝင်များက အသင်းပိုင်ယာဉ်ဖြင့် အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
