၂၀.၉.၂၀၂၆
Written by Linn Eain
ပြည်ခိုင်ဖြိုးပါတီအတွင်း အုပ်စုဖွဲ့ခြင်း၊ ကွဲပြဲခြင်း မရှိကြောင်းနှင့် သင်းကွဲမှုမျိုးမရှိသလို စိုးရိမ်ကြောင့်ကြခြင်းလည်း မရှိကြောင်း ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက စက်တင်ဘာ ၂၀ ရက်တွင် ကျင်းပခဲ့သည့် စတုတ္ထအကြိမ် ပါတီညီလာခံအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ” ကျွန်တော်ပါတီအနေနဲ့ကတော့ စိုးရိမ်ကြောင့်ကြမှုဆိုတာကတော့ ကျွန်တော်တို့ပါတီမှာ အောင်နိုင်ရေးအတွက် ကေသရာဇာခြင်္သေ့လိုပဲ သားကောင်ကို သေးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ နိုင်အောင်လုပ်ဖို့က ကျွန်တော်တို့ ပါတီရဲ့ ရည်ရွယ်ချက်ပဲဖြစ်ပါတယ်။ ရည်မှန်းချက်ကို အောင်မြင်အောင်အကောင်အထည်ဖော်ဖို့က ကျွန်တော်တို့ပါတီရဲ့ ရည်မှန်းချက်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ပါတီအတွင်းမှာ အုပ်စုဖွဲ့တာတို့၊ တစ်ခုနဲ့တစ်ခု ကွဲပြဲတာတို့၊ အစုအဖွဲ့ဖွဲ့တာတို့ကတော့ အဲဒါတွေကတော့ ဘာမှမရှိပါဘူး။ ဒီလိုပဲ ပါတီအစုအစိတ် အောက်ခြေ ရပ်/ကျေးပါတီကနေ ပါတီဗဟိုအထိ အစုအစိတ်ပြန်လည်ဖွဲ့စည်းတဲ့နေရာမှာတောင်မှ ကျွန်တော်တို့က လျှို့ဝှက်မဲဆန္ဒထည့်ပြီးတော့မှ တာလီလုပ်ပြီးတော့မှ မဲအများဆုံးရတဲ့လူကို ကျွန်တော်တို့ ဥက္ကဋ္ဌတင်ပေးခဲ့တာရှိပါတယ်။ အဲဒီလိုတင်ပေးခဲ့တဲ့အတွက်ကြောင့် နှစ်ရှည်လများလုပ်ခဲ့တဲ့ ဥက္ကဋ္ဌတွေအနားယူသွားပြီးတော့ ကျန်တဲ့ ပညာတတ်လူငယ်တွေတက်လာတာ… ဒါတွေက သာဓကတွေပါ။ အဲဒီအတွက်လည်း ကျန်တဲ့လူတွေက အကုန်လက်ခုပ်တီးပြီးတော့ ကြိုဆိုတာတွေရှိပါတယ် ” ဟု သတင်းမီဒီယာတစ်ခု၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။
ထို့ကြောင့် မိမိတို့ပါတီအတွင်းထဲတွင် အစုဖွဲ့ခြင်းနှင့် သင်းကွဲခြင်းမရှိကြောင်းနှင့် စိုးရိမ်ကြောင့်ကြမှုဟုဆိုရာတွင် ရွေးကောက်ပွဲတစ်ခုပြုလုပ်မည်ဆိုလျှင် မည်ကဲ့သို့ အောင်နိုင်ရန် ဆောင်ရွက်မည်သာဖြစ်ကြောင်း ဦးလှသိန်းက ဆက်လက်ပြောကြားခဲ့သည်။
“ဒါကြောင့်မို့ ကျွန်တော်တို့အထဲမှာတော့ အစုအဖွဲ့ဖွဲ့တာတို့၊ သင်းကွဲတာတို့ တစ်ခုမှမရှိဘဲနဲ့ ကျွန်တော်တို့ စိုးရိမ်ကြောင့်ကြတာ ဘာတစ်ခုမှမရှိပါဘူး။ စိုးရိမ်ကြောင့်ကြမှုရှိတယ်ဆိုတာမျိုးက ကျွန်တော်တို့ ရွေးကောက်ပွဲတစ်ခုလုပ်တော့မယ်ဆိုရင် ဒါကို ကျွန်တော်တို့ ဘယ်လိုနိုင်အောင်လုပ်မလဲ။ အဲဒီလိုလုပ်တဲ့အခါမှာ ပါတီဥက္ကဋ္ဌကြီးရဲ့လမ်းညွှန်မှုအတိုင်း အောက်ကလူတွေ သေသေချာချာလုပ်နိုင်လားမလုပ်နိုင်ဘူးလား။ ဘယ်လိုကြီးကြပ်မှုတွေ အားနည်းနေလဲ။ ဒါတွေကို ကျွန်တော်တို့ ဘယ်လို ဖြည့်ဆည်းပေးမလဲ။ ဘယ်လိုများ လစ်ဟာမှုတွေရှိသွားမလဲ။ ဒါလေးတွေ ဘက်ပေါင်းစုံက ကျွန်တော်တို့ ဘာလုပ်ပေးမလဲပါ ” ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ဖြေကြားခဲ့သည်။
၂၀၂၅ ရွေးကောက်ပွဲတွင် ထုတ်ပြန်ခဲ့သည့် ရွေးကောက်ပွဲကြေညာစာတမ်းနှင့် မိမိတို့လုပ်ဆောင်မှုများသည် ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် အနိုင်အရှုံးဖြစ်လာခဲ့ကြောင်း၊ ၁၀၀ ရာခိုင်နှုန်း နိုင်လားဆိုပါက မဆိုနိုင်ကြောင်းနှင့် မိမိတို့ ရှုံးခဲ့သည်များလည်းရှိကြောင်း၊ ပညာအရည်အချင်းတွင် ဆယ်တန်းပြီးမြောက်ကြောင်း မရှိသည့်အတွက် ပါတီထဲမှ ၆ ယောက်ခန့် ကျန်ရှိခဲ့ပြီး နောက်တွင် ယင်းကဲ့သို့ မဖြစ်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးလှသိန်းက ဆက်လက်ပြောကြားခဲ့သည်။
