◾️ အဆိုပါရိုက်သွင်းထားပြီးသော Steel Sheet Pile များနောက်မှ မြေသားတမံအသစ် ထပ်မံတည်ဆာက်သွားမည်
၂၀. ၉.၂၀၂၆
Written by Nyein Kyaw
ရေနည်းကာလတွင် ရေဝင်ရောက်နိုင်ခြေရှိသေးသဖြင့် လေးမျက်နှာမြို့နယ် ငဝန်တာနိမ့်ကျမှုအပေါ် ရေဝင်လမ်းကြောင်း ပိတ်ဆို့ခြင်းလုပ်ငန်းတွင် Steel Sheet Pile များ ရိုက်သွင်းကာရံခြင်းလုပ်ငန်းများ ဆောင်ရွက်နေပြီး မကြာမီရက်ပိုင်းအတွင်း အပြီးသတ်ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
ဇူလိုင်နှောင်းပိုင်းကာလအတွင်း ဧရာဝတီတိုင်းဒေသကြီးတွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ငဝန်မြစ်ရေ မြင့်တက်လာမှုတို့ကြောင့် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျပြီး ရေကျော်စီးဝင်မှုသည် ဇူလိုင်လ ၃၀ ရက် ည ၁၀ နာရီ ၄၂ မိနစ်တွင် စတင်ဖြစ်ပေါ်ခဲ့ပြီး ငဝန်မြစ်ရေ တိုက်စားမှုကြောင့် ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ တာတမံနိမ့်ကျမှု ဖြစ်ပွားခဲ့ရာ လေးမျက်နှာမြို့နှင့် ဆက်စပ် မြို့၊ ရွာများသို့ ရေကျော် စီးဝင်ခြင်းများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
ယင်းအခြေအနေများအား ကာကွယ်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက ငဝန်တာနိမ့်ကျမှုအပေါ် ရေဝင်လမ်းကြောင်း ပိတ်ဆို့ခြင်းလုပ်ငန်းတွင် Steel Sheet Pile များ ရိုက်သွင်းကာရံခြင်း ဆက်လက်ဆောင်ရွက်ခဲ့သည်။ ယင်းလုပ်ငန်းများ ပြီးစီးခဲ့ပြီးနောက် စက်တင်ဘာ ၈ ရက်မှစတင်ပြီး ရေဝင်လမ်းကြောင်းကို ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။




အဆိုပါ ငဝန်မြစ်သည် ရေစီးသန်ပြီး ယခင်ရေနည်းနေသည့်အချိန်၌ပင် ရေအနက်သည် ၃၆ ပေခန့်ရှိသောကြောင့် မြစ်ကြမ်းပြင်သည် လူနေရပ်ကွက်များ၊ ကျေးရွာများနှင့် စိုက်ပျိုးမြေများထက် မြင့်နေသောအခြေအနေဖြစ်သည်။
ယင်းအခြေအနေ၌ပင် အထက်ပိုင်းဒေသမိုးရွာသွန်းလာသဖြင့် ရေအနက် ပေ ၄၀ အထိ ထပ်မံမြင့်တက်လာခဲ့ကာ ရေကျော်စီးဝင်ခဲ့သောကြောင့် ကာရံပြီး Sheet Pile အရှည်ပေ ၂၀၀ အတွင်း ပေ ၅၀ ခန့် ယိုင်သွားခဲ့ခြင်းနှင့်ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။ ယင်းအခြေအနေကြုံတွေ့နေရချိန်တွင်လည်း ရေစီးဝင်မှုအား ထိန်းထားနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ငဝန်မြစ်၏ လက်ရှိရေကျော်စီးဝင်နေမှုကို အပြီးသတ်တားဆီးနိုင်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းများလည်း မကြာမီရက်ပိုင်းအတွင်း ပြီးစီးမည်ဖြစ်ကြောင်း လုပ်ငန်းခွင်တာဝန်ရှိသူများထံမှ သိရသည်။




လက်ရှိရေဝင်လမ်းကြောင်းကို Sheet Pile Wall ဖြင့် အပြီးကာရံတားဆီးပြီးသည့်နောက် မြစ်ဘက်တွင်ရှိသည့်ရေအမြင့်သည် မူလအတိုင်း ဆက်လက်ကျန်ရှိ စီးဆင်းနေမည်ဖြစ်ပြီး Sheet Pile Wall ၏ မြို့ဖက်ခြမ်းတွင်ရှိသည့် ရေအမြင့်သည် တဖြည်းဖြည်းလျော့နည်းကျဆင်းသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့ (၁၆) မှ ဒုတိယညွှန်ကြားရေးမှူးထံမှ သိရသည်။
လေးမျက်နှာမြို့နယ် ငဝန်တာနိမ့်ကျမှုအပေါ် ရေဝင်လမ်းကြောင်း ပိတ်ဆို့ခြင်းလုပ်ငန်းတွင် Steel Sheet Pile များ ရိုက်သွင်းကာရံခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီးနောက် လာမည့်နွေရာသီတွင် အဆိုပါရိုက်သွင်းထားပြီးသော Steel Sheet Pile များနောက်မှ မြေသားတမံအသစ်ထပ်မံတည်ဆာက်သွားမည်ဖြစ်ကြောင်း သိရသည်။
