




၂၀.၉.၂၀၂၆
Written by NYL
သမ္မတကြီး ဦးမင်းအောင်လှိုင်သည်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦး ဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ယနေ့ စက်တင်ဘာ ၂၀ ရက်တွင် ကျင်းပခဲ့သည့် စတုတ္ထအကြိမ် ပါတီညီလာခံအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာတစ်ခု၏ မေးမြန်းမှုကို ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်အနေဖြင့်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အတိုင်ပင်ခံ နာယကကြီးအနေဖြင့် တည်ရှိနေကြောင်း ဦးလှသိန်းက ပြောကြားခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးလှသိန်းက ” သမ္မတကြီး ဦးမင်းအောင်လှိုင်သည်လည်း ကျွန်တော်တို့ ပါတီဝင်ဖြစ်ပါတယ်။ သမ္မတကြီး ဦးသိန်းစိန်အနေနဲ့ကတော့ ကျွန်တော်တို့ရဲ့ အတိုင်ပင်ခံထဲမှာ အရင်ထဲက နာယကကြီးအနေနဲ့ ပါခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်း ၂၀၁၅၊ ၂၀၁၆ မှာ ဦးသန်းဌေး ဥက္ကဋ္ဌ လုပ်တဲ့အချိန်မှာ ဒါ ဥက္ကဋ္ဌ အသစ် တစ်ယောက်ကို သူကလည်း Survive လုပ်လို့ ရပြီ။ ဒီပါတီကို ဆက်ပြီး Run လုပ်လို့ ရပြီ။ ဒါကြောင့်မို့လို့ ဆက်ရှိစရာမလိုတော့ဘူး ဆိုတဲ့အတွက်ကြောင့် အဲဒီကနေပဲ အတိုင်ပင်ခံအနေနဲ့ပဲ အဲ့ဒါမျိုး ဖြစ်တာပါ ” ဟု ပြောကြားခဲ့သည်။
စတုတ္ထအကြိမ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီညီလာခံသို့ ပါတီအတွင်း ထိပ်ပိုင်းရာထူးများထမ်းဆောင်ခဲ့သလို နိုင်ငံတော်အစိုးရအဖွဲ့တွင်လည်း တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဦးကျော်ဆန်း၊ ဦးစိုးသိန်းတို့လည်း တက်ရောက်လာခဲ့ပြီး ယင်းအပေါ် ဦးလှသိန်းက မိမိတို့၏ ဆရာသမားများဖြစ်သလို ပါတီဗဟိုအတိုင်ပင်ခံများဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ကျွန်တော်တို့ ညီလာခံတက်ရောက်လာတဲ့ ဦးစိုးသိန်းတို့ ၊ ဦးကျော်ဆန်းတို့ဟာ အရင်ထဲက ဗဟိုအတိုင်ပင်ခံတွေပါ။ ကျွန်တော်တို့ပါတီဝင်တွေက တစ်ခါပြည်ခိုင်ဖြိုးဖြစ်ပြီးပြီဆိုရင် ထာ၀ရပြည်ခိုင်ဖြိုးပဲဖြစ်ပါတယ် ” ဟု ဦးလှသိန်းက ပြောကြားခဲ့သည်။
ဆက်လက်၍ ပါတီအတိုင်ပင်ခံများကို ဖိတ်ကြားသည့်အထဲတွင် အမြဲပါဝင်ပြီးသားဖြစ်ပြီး အချို့မှာ အသက်အရွယ်နှင့် ကျန်းမာရေးရယ်ကြောင့် ကင်းလွတ်ခွင့်တောင်း၍ မတက်ဖြစ်သည်မျိုးဖြစ်ကြောင်း၊ သို့သော် ထာဝရ အတိုင်ပင်ခံများဖြစ်ကြောင်း ဦးလှသိန်းက ပြောကြားခဲ့သည်။
