၁၀.၉.၂၀၂၆
Writtnen by KL
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ မြနန္ဒာတိုးချဲ့ (၆) လမ်းတွင် စက်တင်ဘာ ၉ ရက် ည ၉ နာရီခန့်အချိန် သမက်က ဓားဖြင့်ထိုးသဖြင့် ယောက္ခမဖြစ်သူ ဒဏ်ရာများရရှိကာ အသက်အန္တရာယ်စိုးရိမ်ရကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။
တစ်အိမ်တည်းအတူနေကြသော သမက်ဖြစ်သူ အသက် ၃၂ နှစ်အရွယ် နေလင်းအောင်နှင့် ယောက္ခမဖြစ်သူ အသက် ၅၂ နှစ်အရွယ် ဒေါ်သန်းသန်းထွေးတို့ စကားများ ရန်ဖြစ်ရာမှ သမက်က ယောက္ခမကိုဓားဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓားထိုးခံရသူ ဒေါ်သန်းသန်းထွေးတွင် နဖူးပေါက်ပြဲဒဏ်ရာ ၂ ချက်၊ ညာဘက်လည်ပင်းအောက်တွင် ပြတ်ရှဒဏ်ရာ ၁ ချက်၊ အောက်နှုတ်ခမ်းတွင် ပြတ်ရှဒဏ်ရာ ၁ ချက်၊ ရင်ညွန့်တွင် ထိုးသွင်းဒဏ်ရာ ၁ ချက်၊ မျက်လုံး ဖူးရောင်ညိုမဲဒဏ်ရာများရရှိခဲ့သဖြင့် မအူပင်မြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေရပြီး အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရသည်။
ဓားဖြင့်ထိုးသူ နေလင်းအောင်ကို ရဲတပ်ဖွဲ့က ညတွင်းချင်းဖမ်းမိခဲ့ပြီး မအူပင်မြို့မရဲစခန်းတွင် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။
