၁၀.၉.၂၀၂၆
Written By Thandar
Lovely World Production က စီစဉ်ပြီး တက္ကသိုလ်ကျောင်းသားတို့သဘာဝ အလွဲများစွာနဲ့ အချစ်ဟာသ ဇာတ်လမ်းပုံစံ “စာမျက်နှာ ၁၆” ဇာတ်လမ်းတွဲ မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့ စက်တင်ဘာ ၁၀ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ ဝဇီရာရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော့်အနေနဲ့ ဒီဇာတ်လမ်းတွဲလေးက တကယ်ကို အမှတ်တရပါပဲ။ ကျွန်တော်တို့ တကယ့်အပြင်မှာလည်း အရမ်းခင်နေကြတဲ့ ညီအစ်ကို သူငယ်ချင်းတွေ အားလုံး အတူတကွ သရုပ်ဆောင်ရတဲ့ ဇာတ်လမ်းတွဲပါ။ ပြီးတော့ ကျွန်တော်က ကလေးတက္ကသိုလ်က ကျောင်းပြီးခဲ့တာပါ။ ဒါပေမဲ့ ဒီဇာတ်လမ်းတွဲကို လချီ ရန်ကုန်တက္ကသိုလ်ထဲမှာ ရိုက်ကူးတဲ့အချိန်မှာ ခုချိန်မှာ အဲဒီအနားကနေ ဖြတ်သွားတိုင်းမှာ ကျောင်းသားဟောင်း တစ်ယောက်လိုပဲ ကျောင်းကြီးကို လွမ်းလိုက်တာလို့ ခံစားချက် အဲလိုထိပါ ဖြစ်မိပါတယ်။ အရမ်းကို ပျော်ပျော်ရွှင်ရွှင်ရိုက်ခဲ့ရတဲ့ ကားလေးပါ။ တက္ကသိုလ် နောက်ခံ အချစ်ဇာတ်ကားလေး ဖြစ်တဲ့အတွက် အားပေးကြပါဦး” လို့ သရုပ်ဆောင် ဟိန်းသီဟက ပြောပါတယ်။




အဆိုပါ ဇာတ်ကားကို D.O.P အောင်စည်သူ၊ ဇာတ်လမ်းနဲ့ ဇာတ်ညွှန်း ဆူးခက်မင်း၊ လက်ထောက် ဒါရိုက်တာ ဝင်းမြင့်ဦး၊ ဒါရိုက်တာ သားညီက တက္ကသိုလ်ဘဝရဲ့ မထင်မှတ်ထားတဲ့ အချစ်ဟာသဇာတ်လမ်းပုံစံ ပုံဖော်ထားတာလည်း ဖြစ်ပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ ဟိန်းသီဟ၊ ဗီတာမင်၊ လင်းဘုန်းအိမ်၊ ဒိုပေါက်၊ သံသာညီ၊ စနိုးကြည်ဖြူ၊ ရွှေအင်ကြင်း ၊ ခိုင်စု၊ Kညီ၊ မောင်ကင်း၊ ပေါင်မုန့်၊ တေဇာ၊ ဩဘာ၊ အာလူး၊ ပေသီး၊ ခန့်မင်းသူ၊ ရဲကြီး၊ ထက်ကောင်းကင်၊ ကောင်း၊ စိန်ပဲကြော်နဲ့ အဖွဲ့၊ ဧည့်သည်သရုပ်ဆောင် အနှစ်၊ ယွန်းအိန္ဒြာစိုးနဲ့ အနုပညာရှင်များစွာ ပါဝင်သရုပ် ဆောင်ထားကြပါတယ်။
အပိုင်း ၁၆ ပိုင်းပါဝင်တဲ့ “စာမျက်နှာ ၁၆” ဇာတ်လမ်းတွဲကို လာမယ့် စက်တင်ဘာ ၁၉ ရက်နေ့မှာ စနေ့နဲ့ တနင်္ဂနွေနေ့တိုင်း ည ၇ နာရီတိုင်းမှာ M Channel , BebeeTv က စတင်ပြသသွားမှာလည်း ဖြစ်ပါတယ်။
