၉.၉.၂၀၂၆
Written by Thandar
၇၄ ကြိမ်မြောက် အဘအောင်မင်းခေါင် ထွက်ပွဲအောင်ပွဲ၊ ပူဇော်ပွဲ၊ ပြည်တော်ဝင်ပွဲ၊ ကျေးဇူးဆပ်ပွဲကြီး ကို ယနေ့ စက်တင်ဘာ ၉ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြိုနယ် ဝေဇယန္တာလမ်းမကြီး ခြံအမှတ်(၃၄) မဟာဂန္ဓာရီ သာသနာပြု ယောက်ကော်ဆရာလေးရဲ့ ရွှေယောက်ကော်စံအိမ်တော်ကြီးမှာ ကျင်းပခဲ့ရာ သီလရှင် ဆရာလေးအပါး ၅၀၀ နဲ့ လူအယောက် ၅၀၀၀ စာတို့ကို လှူဖွယ်အစုစု လှူဒါန်းခဲ့ပါတယ်။
“ဆရာလေးတို့က ၇၄ ကြိမ်မြောက် ပြည်တော်ဝင်မဟာအောင်ပွဲကြီးပေါ့။ ၇၄ ဆိုတော့ ပေါင်းခြင်း ၁၁ ပေါ့။ ၁၁ မီးငြိမ်းတဲ့ ဓာတ်တွေပေါ့။ ခုနစ်ရက်သားသမီးတွေက အပူမီးတွေက များတယ်ပေါ့။ ဆရာလေး ဒီအပူမီးတွေမများဖို့ ဆရာလေးက ဆုတောင်းပါတယ်နော်။ ဒီအဘထွက်ပွဲကို နှစ်စဉ်ကို ကျင်းပပြီး လှူဒါန်းခဲ့တာပါ။ ဒီလို လှူဒါန်းရလို့လည်း ဆရာလေးအနေနဲ့ ဝမ်းမြောက် ပီတိဖြစ်ရပါတယ်။ ဒီအခမ်းအနားကြီး အောင်မြင်မှုအထိမ်းအမှတ်အနေနဲ့ စက်တင်ဘာ ၈ ရက်နေ့ နံနက် ၉ နာရီတိတိအချိန်ကလည်း ကျေးဇူးရှင် အဘဘိုးမင်းခေါင်ကြီးရဲ့ ရုပ်တု ၁၆၆ ဆူကို အနယ်နယ်အရပ်ရပ်က ခုနစ်ရက်သားသမီးတွေအတွက် Live လွှင့်ပြီး ကံစမ်းမဲ ဖောက်ပြီး အခမဲ့ လှူဒါန်းပေးခဲ့ပါတယ်”လို့ မဟာဂန္ဓာရီ သာသနာပြု ယောက်ကော်ဆရာလေးက မိန့်ပါတယ်။






အဆိုပါ အလှူလက်ခံရယူဖို့အတွက် စက်တင်ဘာ ၈ ရက်နေ့လယ်ပိုင်းအပြင် ညပိုင်းကတည်းက ညအိပ် စောင့်ဆိုင်းနေသူတွေလည်း များပြားခဲ့တာလည်းဖြစ်ပါတယ်။ ဒီအဘထွက်ပွဲ အထိမ်းအမှတ်အလှူအနေနဲ့ တစ်ဦးကို ကျပ် ၃ သိန်းဖိုးခန့်ရှိ ဆန်၊ ဆီ၊ သောက်ဆေး၊ ဆား၊ အာလူး၊ ပဲ၊ ကြာဇံ၊ ငါးသေတ္တာ၊ လက်ဖက်ပဲကြမ်း၊ ငရုတ်သီးအကြမ်းဖတ်၊ လက်ဖက်အကြော်စုံ၊ ခေါက်ဆွဲခြောက်၊ ဟင်းချိုမှုန့်၊ ဆပ်ပြာခဲ၊ ဆပ်ပြာမှုန့်၊ အထည်စတဲ့ ပစ္စည်းတွေကို သီလရှင်ဆရာလေး အယောက် ၅၀၀ စာနဲ့ လူ ၅၀၀၀ အတွက် လှူဒါန်းပေးအပ်ခဲ့တာလည်း ဖြစ်သလို ကြာဆံကြော်၊ ဖက်ထမင်း၊ ထမင်းဘူး စတဲ့ စားသောက်ဖွယ်ရာတွေကိုပါ လှူဒါန်းခဲ့တာလည်းဖြစ်ပါတယ်။
အဘအောင်မင်းခေါင် ထွက်ပွဲ အောင်ပွဲ၊ ပူဇော်ပွဲ၊ ပြည်တော်ဝင်ပွဲ၊ ကျေးဇူးဆပ်ပွဲကိုတော့ ရွှေယောက်ကော်စံအိမ်တော်ကြီးမှာ ယောက်ကော်ဆရာလေးက ယခင် လူအယောက် ၇၀၀၀ ကျော်ကို နှစ်စဉ်စည်ကားသိုက် မြိုက်စွာလှူဒါန်းခဲ့တာ ၁၈ နှစ် ရှိခဲ့ပြီးဖြစ်တယ်လို့လည်း သိရပါတယ်။
