၉.၉.၂၀၂၆
Written by KL
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအနောက်ရပ်ကွက်၊ ၃၄ လမ်း၊ ၈၅ လမ်းနှင့် ၈၆ လမ်းကြားတွင် ယနေ့ စက်တင်ဘာလ ၉ ရက် နံနက် ၈ နာရီ ၁၇ မိနစ်ခန့်က သက်တမ်းရင့် ကုက္ကိုပင်လဲကျရာမှ လိုက်ထရပ်ယာဥ်မောင်းတစ်ဦးပေါ်ပိမိခဲ့ရာ ခြေသလုံးရိုးနှင့် ပေါင်ရိုးကျိုးဒဏ်ရာများ ရရှိသော်လည်း အသက်အန္တရာယ်စိုးရိမ်ဖွယ်ရာ မရှိကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူများထံမှ သိရသည်။
လုံးပတ် ၉ ပေခန့်၊ အမြင့် ၄၀ ပေခန့်ရှိသော သက်တမ်းရင့်ကုက္ကိုပင်မှာ အမြစ်မှကျွတ်၍ ရပ်ထားသော Light Truck ယာဉ်၏ ခေါင်းခန်းပေါ် လဲကျခဲ့ရာမှ ယာဥ်မောင်းပေါ်ပိမိကာ ညပ်နေခဲ့ခြင်းဖြစ်သည်။






ကုက္ကိုလ်ပင် ပိမိမှုကြောင့် အသက် ၂၇ နှစ်အရွယ် လိုက်ထရပ်ယာဥ်မောင်း ဦးဇာနည်အောင်တွင် ညာဘက်ခြေသလုံးရိုးနှင့် ဘယ်ဘက်ပေါင်ကျိုးဒဏ်ရာ၊ ခါးတွင်ညိုမဲဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
“ဆရာလေးတွေကို လာပို့တဲ့ကားလို့ သိရတယ်။ ကားပေါ်မှာတော့ ဆရာလေးတွေ မပါတော့လို့ တော်သေးတယ် “ဟု ကယ်ဆယ်ရေးလုပ်ဆောင်သူတစ်ဦးက ပြောသည်။
သစ်ပင်ပိမိသူယာဥ်မောင်းကို သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ခဲ့ရာ ၂ နာရီနီးပါးကြာအောင် ကယ်ထုတ်ခဲ့ရပြီး ဒဏ်ရာရရှိသူ ဦးဇာနည်အောင်ကို မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက် နံနက် ၁၀ နာရီခွဲခန့်ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဆရာစံလမ်း၊ ပုလဲကွန်ဒိုအနီး သစ်ပင်လဲကျရာ လိုက်ထရပ်ယာဉ်တစ်စီးပေါ် ပိမိသဖြင့် ယာဉ်ပေါ်ပါ လူနှစ်ဦးအနက် အသက် ၃၄ နှစ်အရွယ် ယာဥ်မောင်းအမျိုးသား တစ်ဦးသေဆုံးကာ အသက် ၁၅ နှစ်အရွယ် လူငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
