၉. ၉. ၂၀၂၆
Written By Min Thet
အိမ်ရှင် အဘွားအိုအား သတ်ဖြတ်၍ လက်ဝတ်ရတနာများနှင့် လက်ကိုင်ဖုန်းများ ခိုးဝှက်ယူဆောင်ခဲ့သူ အိမ်အကူသားအမိကို ဖမ်းမိပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့က သိရသည်။
စက်တင်ဘာလ ၇ ရက် ည ၉ နာရီ ၄၅ မိနစ်ခန့်ကရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်တွင် အိမ်ရှင်အသက်ကြီး အမျိုးသမီးအား သတ်ဖြတ်၍ လက်ဝတ်ရတနာများနှင့် လက်ကိုင်ဖုန်းများ လုယက်ယူဆောင်ခဲ့မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်တထောင်မြို့နယ်၊ (၈)ရပ်ကွက်နေ အသက် ၇၄ နှစ်အရွယ် ဒေါ်သိန်းမြင့်အား အိမ်အကူ အသက် ၅၈ နှစ်အရွယ် ဒေါ်တင်နွယ်နှင့် ၎င်း၏သမီး အသက် ၁၇ နှစ်အရွယ် အေးမြတ်မွန်(ခ)သူသူ တို့နှစ်ဦးက သတ်ဖြတ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ နေအိမ်ဧည့်ခန်း၌ ဒေါ်သိန်းမြင့်၏ မျက်နှာပေါ်သို့ ခေါင်းအုံးနှင့်စောင်အုပ်၍ သတ်ဖြတ်ကာ ၎င်းဝတ်ဆင် ထားသည့် စိန်နားကပ် ၁ ရံ၊ ပလက်တီနမ်ဆွဲကြိုး ၁ ကုံး၊ SAMSUNG A20 အမျိုးအစား လက်ကိုင်ဖုန်း ၁ လုံး၊ SAMSUNG အမျိုးအစား Tablet ၁ လုံးတို့ကို လုယက်ယူဆောင်ထွက်ပြေး သွားခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် အသတ်ခံရသူ အမျိုးသမီးကြီး၏ ခင်ပွန်းဖြစ်သူက တိုင်တန်းခဲ့ရာ ဗိုလ်တထောင်မြို့မရဲစခန်းက (ပ) ၅၈၈/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄ ဖြင့် အမှုရေးဖွင့်ပြီး ပြစ်မှုကျူးလွန်သူ တရားခံများအား ဖမ်းဆီးရမိနိုင်ရေး ရဲ တပ်ဖွဲ့က စုံစမ်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
အဆိုပါ ကျူးလွန်သူ သားအမိ နှစ်ဦးအား ကျုံမငေးမြို့၊ အဝေးပြေး ကားဝန်းရှိ “အောင်ချမ်းသာ” ကားဂိတ်၌ သက်သေခံ SAMSUNG A20 အမျိုးအစား လက်ကိုင်ဖုန်း ၁ လုံး၊ SAMSUNG အမျိုးအစား Tablet ၁ လုံး၊ ငွေ ၂၄၅ သိန်းကျပ်တို့နှင့်အတူ စက်တင်ဘာလ ၈ ရက် မွန်းလွဲပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ ယင်းတို့မှာ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ကကရံကျေးရွာတွင် နေထိုင်ကြသူများ ဖြစ်ကြောင်းသိရသည်။
ကျူးလွန်သူသားအမိ ၏ ထွက်ဆိုချက်တွင် ၎င်းတို့ နှစ်ဦးသည် လွန်ခဲ့သော တစ်လကျော်ခန့်မှစတင်၍ ဦးခင်မောင်နှင့် ဇနီးဖြစ်သူဒေါ်သိန်းမြင့်တို့၏ နေအိမ်တွင် အိမ်အကူအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ကြောင်း သိရသည်။
ယင်းနောက် ငွေကြေးလိုအပ်ချက်အရ စက်တင်ဘာလ ၇ ရက် မွန်းလွဲပိုင်းတွင် အိမ်ရှင်အမျိုးသား ဦးခင်မောင် က အမှတ် (၃) ရပ်ကွက်ရှိ ၎င်းပိုင် မုန့်ဆိုင်သို့ ရောက်ရှိနေစဉ် ဒေါ်သိန်းမြင့်အား အသက်ရှူကြပ်သေဆုံးအောင် မျက်နှာကို ခေါင်းအုံးနှင့်စောင်တို့ဖြင့် ပိတ်၍ သတ်ဖြတ်ခဲ့ပြီး ဒေါ်သိန်းမြင့် ဝတ်ဆင်ထား သည့် စိန်နားကပ် ၁ ရံ၊ ပလက်တီနမ်ဆွဲကြိုး ၁ ကုံး၊ ဖုန်းနှင့် Tablet တို့ လုယက်ယူဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ကျူးလွန်သူများ ဖြစ်ကြသော တင်နွယ်နှင့် အေးမြတ်မွန်(ခ)သူသူ တို့ သားအမိ နှစ်ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီးဖြစ်သောကြောင့် ဥပဒေနှင့်အညီအရေး ယူနိုင်ရေး ဆက်လက်ဆောင်ရွက်နေပြီ ဖြစ်ကြောင်းလည်း သိရသည်။
