၈.၉.၂၀၂၆
Written by Linn Eain
မြေတွင်းအောင်း ကြွက်အန္တရာယ်ကြောင့် အင်းလျားတာပေါင်ကြံ့ခိုင်မှု ထိခိုက်လာနိုင်သဖြင့် အင်းလျားကန်ပေါင်အပေါ်နှင့် ကန်ပေါင်၀န်းကျင်တွင် လုံး၀စျေးမရောင်းရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက သတိပေးတားမြစ်ချက် စိုက်ထူထားကြောင်း သိရသည်။
အင်းလျားကန်ပေါင်အပေါ်နှင့် ကန်ပေါင်ပတ်ဝန်းကျင်တွင် စည်းကမ်းမဲ့ ဈေးရောင်းမှုများမှတစ်ဆင့် စားကြွင်းစားကျန်များ စည်းကမ်းမဲ့စွန့်ပစ်မှုများကြောင့် မြေတွင်းအောင်း ကြွက်တိရစ္ဆာန်များရောက်ရှိမျိုးပွားမှုများဖြစ်ပေါ်လာခဲ့သည်။
အဆိုပါ ကြွက်များကြောင့် အင်းလျားတာပေါင် ကြံ့ခိုင်မှု ထိခိုက်လာနိုင်သဖြင့် ဈေးရောင်းချမှုများကို လုံးဝ(လုံးဝ) ခွင့်မပြုကြောင်း အသိပေးတားမြစ်ချက်ဆိုင်းဘုတ်များ ကန်ပေါင်အနှံ့စိုက်ထူထားကြောင့် သိရသည်။




အင်းလျားကန်၏ ဘေးကင်းလုံခြုံမှုနှင့် ရေရှည်တည်တံ့ခိုင်မာရေးအတွက် ဘူမိရူပဗေဒ (Geophysics) တိုင်းတာစစ်ဆေး စူးစမ်းလေ့လာမှုများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)နှင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ပညာရှင်များနှင့် ပူးပေါင်း၍ ဇူလိုင်လအတွင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးမှုတွင် ကန်၏ မြေသားဖွဲ့စည်းပုံနှင့် တာတမံကြံ့ခိုင်မှုအခြေအနေများကို အသေးစိတ် တိုင်းတာစစ်ဆေးခဲ့ပြီး အင်းလျားကန်၏ ဘေးကင်းလုံခြုံမှု၊ ကြံ့ခိုင်မှုနှင့် ရေရှည်တည်တံ့ရေးအတွက် လိုအပ်သည့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အင်းလျားကန် မြေယာရှုခင်း ဆောင်ရွက်ထားရှိမှု၊ ကန်ပေါင်ကြံ့ခိုင်ရေးနှင့် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန် ဦးမျိုးမြင့်အောင်နှင့် တာ၀န်ရှိသူများသည် ဇွန် ၁၂ ရက်က သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
