သတိုး
၅. ၉. ၂၀၂၆
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့အား ဗီယက်နမ် သမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို့က ဗီယက်နမ်နိုင်ငံသမ္မတရုံး၊ တုံကင်နန်းတော်၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
အဆိုပါ ဂုဏ်ပြုညစာစားပွဲသို့ နိုင်ငံတော်သမ္မတနှင့်ဇနီးနှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာသည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ် နိုင်ငံသံအမတ်ကြီး၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)နှင့်တာဝန်ရှိသူများ၊ ဗီယက်နမ် နိုင်ငံအစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ညစာစားပွဲကျင်းပမည့်နေရာသို့ ရောက်ရှိလာရာ ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတနှင့် ဇနီးတို့က လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို စတင်ကျင်းပပြုလုပ်ရာ နှစ်နိုင်ငံသမ္မတတို့သည် နှုတ်ခွန်းဆက် စကားများ အသီးသီးပြောကြားကြသည်။
ထို့နောက် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတနှင့် ဇနီး၊ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် အခမ်းအနား တက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။






