၄.၉.၂၀၂၆
Written by Linn Eain
မော်လမြိုင်မြို့နယ်တွင် လျှပ်စစ်ပစ္စည်းဆိုင်အတွင်း မျက်နှာဖုံးစွပ် အမျိုးသားသုံးဦးက သေနတ်ပြ ခြိမ်းခြောက်၍ လက်ဝတ်ရတနာများနှင့် ငွေသားများလုယက်မှုတွင် ပါဝင်ကျုးလွန်ခဲ့သည့် အမျိုးသားငါးဦးနှင့် အမျိုးသမီးတစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
အဆိုပါ သေနတ်ပြခြိမ်းခြောက်၍ လုယက်မှုဖြစ်စဉ်သည် ဩဂုတ် ၂၈ ရက်၊ နံနက် ၄ နာရီက မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် မရမ်းကုန်းရပ်ကွက်ရှိ “ကိုကိုနှင့်ညီညီ” လျှပ်စစ်ပစ္စည်းဆိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မျက်နှာဖုံးစွပ်ထားသည့် အမျိုးသားသုံးဦးက သေနတ်ပြခြိမ်းခြောက်၍ ဆိုင်ဝန်ထမ်း အမျိုးသမီးသုံးဦးအား တိပ်အဝါဖြင့် လက်နောက်ပြန်ချည်နှောင်ခဲ့ကြောင်း၊ ယင်းနောက် နေအိမ်ဆိုင်အတွင်းရှိ မီးခံသေတ္တာနှင့် ဘီရိုအတွင်းမှ စာရွက်စာတမ်းများ၊ ရွှေထည်/စိန်ထည်ပစ္စည်းမျိုးစုံနှင့် ငွေကျပ်သိန်း ၅၀၊ စုစုပေါင်းတန်ဖိုး ငွေကျပ်သိန်း ၅၀,၈၅၀ ကျပ်ခန့်အား လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။
၎င်းဖြစ်စဉ်ကို စစ်ကဲကုန်း နယ်မြေရဲစခန်းတွင် (ပ)၁၁၀/၂၀၂၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၂/၁၁၄ ဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူ တရားခံများ ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ မော်လမြိုင်မြို့နယ်၊ ဇေယျာမြိုင်ရပ်ကွက်နေ ပြစ်မှုကျူးလွန်သူ စန်းအေး(၅၃)နှစ်အား ဩဂုတ် ၂၈ ရက် မွန်းလွဲပိုင်းတွင် ၎င်း၏နေအိမ်၌ လုယက်မှုကျူးလွန်ရာမှရရှိသည့် ရွှေထည်ပစ္စည်းခုနစ်မျိုးနှင့်အတူ ဦးစွာဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့နောက် ဖမ်းဆီးရမိ တရားခံ စန်းအေး၏ ထွက်ဆိုချက်အရ ပြစ်မှုကျူးလွန်ရာတွင် ပူးပေါင်းပါဝင်သူများဖြစ်ကြသည့် မော်လမြိုင်မြို့နယ် ကျွဲခြံကုန်းရပ်ကွက်နေ တရားခံ ထွန်းချေ(ခ)ရခိုင် (၆၉)နှစ်အား ဩဂုတ် ၂၉ ရက် မွန်းလွဲပိုင်းတွင် ၎င်း၏နေအိမ်၌လည်းကောင်း၊ ကျိုက်မရောမြို့နယ် ကြခတ်ကုန်းကျေးရွာနေ တရားခံ ကျော်တင့်(ခ) စောဖိုးကျော်(၃၄)နှစ်အား စက်တင်ဘာ ၁ ရက် ညပိုင်းတွင် ၎င်း၏နေအိမ်၌ လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
ဆက်လက်၍ စက်တင်ဘာ၂ ရက် မွန်းလွဲပိုင်းတွင် ကျိုက်မရောမြို့နယ် ကြခတ်ကုန်းကျေးရွာနေ မင်းထက်သာ(၂၅)နှစ်၊ ခရမ်းမြို့နယ် ကျုံမရေးကျေးရွာနေ မင်းကိုကို(၂၆)နှစ်နှင့် ကျိုက္ခမီမြို့ ဗုဒ္ဓရပ်ကွက်နေ စောတင်ရဲအောင်(ခ)ကရင်(ခ) ကတုံး(၃၈)နှစ်တို့သုံးဦးကို ကျိုက်မရောမြို့နယ် ကြခတ်ကုန်းကျေးရွာရှိ မင်းထက်သာ၏ နေအိမ်၌ လုယက်မှုကျူးလွန်ရာမှရရှိသည့် မီးခံသေတ္တာနှင့် ရွှေထည်/စိန်ထည်/ပုလဲပစ္စည်း မျိုးစုံ ၁၂ မျိုးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မော်လမြိုင်မြို့နယ် “ကိုကိုနှင့်ညီညီ” လျှပ်စစ်ပစ္စည်းဆိုင်အား သေနတ်ပြခြိမ်းခြောက်၍ လုယက်မှုကျူးလွန်ခဲ့သည့် ဖြစ်စဉ်တွင် ဖမ်းဆီးရမိတရားခံ ခြောက်ဦးကို ရွှေထည်ပစ္စည်းမျိုးစုံ ၁၉ မျိုးနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး သက်သေခံပစ္စည်းများ ဆက်လက်သိမ်းဆည်း နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
