နေမိုး
၂. ၈. ၂၀၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၌ စလော့ဂိမ်းရှုံးသည့် အမျိုးသားတစ်ဦးက သူငယ်ချင်း၏ မိခင်ကို ဓားဖြင့် ထိုးသတ်ပြီး ရွှေထည်ပစ္စည်းများ လုယက်ယူဆောင်သွားသော်လည်း တရားခံကို ရက်ပိုင်းအတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့ ညနေပိုင်းတွင် ဒေါ်သန်းသန်းနုဆိုသည့် အမျိုးသမီးသည် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဆရာစံတောင်ရပ်ကွက်၊ မင်္ဂလာသိဒ္ဓိလမ်းနှင့် ဓမ္မပါလလမ်းထောင့်ရှိ တိုက်အမှတ် (၄၅)၊ ပထမထပ်နေ သူငယ်ချင်းဖြစ်သူ ဒေါ်ခင်မိုးကြည်(၅၄)နှစ်၏ အခန်းသို့ သွားရောက်၍ တံခါးအရှေ့မှ ဒေါ်ခင်မိုးကြည်အားခေါ်ခဲ့ရာ ခေါ်မရသဖြင့် အိမ်နီးချင်းများနှင့်အတူ အခန်း၏ သံပန်းတံခါးအားဖျက်၍ ဝင်ရောက်ကြည့်ရှုခဲ့သည်။ ထိုသို့ကြည့်ရှုရာ အခန်းပေါက်ဝဘုရားခန်းရှေ့၌ ဒေါ်ခင်မိုးကြည်မှာ သွေးအိုင်ထဲ၌ မှောက်ခုံအနေအထားဖြင့် စောင်ခြုံလျက် ထိုးသွင်းဒဏ်ရာ ၃ ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း သတင်းပေးပို့တိုင်တန်းချက်အရ ဗဟန်းမြို့မရဲစခန်းက (ပ)၂၆၈/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ်ပြီး တရားခံအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားခံအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး အခင်းဖြစ်ရပ်စစ်ဆေးခြင်း၊ နယ်မြေသတင်းရယူစုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာလ ၁ ရက်နေ့ ညပိုင်းတွင် လူသတ်မှုကျူးလွန်သူ တရားခံ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၁၂)ရပ်ကွက်နေ ဉာဏ်စိုး(၂၀)နှစ်အား မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊(၆)ရပ်ကွက်ရှိ The Waiting Lodge Hotel၊ အခန်းအမှတ် B-06 ၌ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ဉာဏ်စိုးအား စစ်ဆေးချက်အရ ၎င်းသည် သေဆုံးသူ ဒေါ်ခင်မိုးကြည်၏ သားဖြစ်သူနှင့် သူငယ်ချင်းဖြစ်ပြီး အခင်းဖြစ်နေအိမ်သို့ ဝင်ထွက်သွားလာဖူးသူဖြစ်ကြောင်း၊ ၎င်းသည် အွန်လိုင်းစလော့ဂိမ်းရှုံး၍ ငွေလိုအပ်နေသဖြင့် လုယက်ရန်အတွက် ဩဂုတ်လ ၂၈ ရက်နေ့ ညနေပိုင်းတွင် အခင်းဖြစ်နေအိမ်သို့ သွားရောက်ခဲ့ကြောင်း၊ နေအိမ်သို့ရောက်ရှိပြီး ဒေါ်ခင်မိုးကြည်မှ တံခါးဖွင့်ပေးစဉ် ၎င်းမှအသင့်ယူဆောင်လာသည့် ဓားဖြင့်ထိုးသတ်၍ အခန်းအတွင်းရှိ စားပွဲပေါ်မှ သော့ဖြင့် ဗီရိုအားဖွင့်ကာ အတွင်းမှ ရွှေထည်ပစ္စည်းများ လုယက်ယူဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖြစ်စဉ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၌ အမျိုးသမီးတစ်ဦးအား သတ်ဖြတ်၍ ရွှေထည်ပစ္စည်းများ လုယက်ယူဆောင်ခဲ့သူ တရားခံ ဉာဏ်စိုးအား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ အရေးယူနိုင်ရေးနှင့် သက်သေခံပစ္စည်းများ သိမ်းဆည်းရမိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
