၂.၉.၂၀၂၆.
Translated by Htwe Ko Tun
အစ္စတန်ဘူလ်ကမ်းရိုးတန်းတွင် ကုန်တင်သင်္ဘောတစ်စီးသည် ဓာတုဗေဒရေနံတင်သင်္ဘောတစ်စင်းနှင့် တိုက်မိပြီးနောက် အာဏာပိုင်များက အဆက်အသွယ်ပြတ်တောက်သွားကြောင်း ပြောကြားခဲ့သည်။
တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့အနီးရှိ မာမရာ (Marmara) ပင်လယ်တွင် သင်္ဘောသား ၁၀ ဦးပါ ကုန်တင်သင်္ဘောတစ်စီးမှာ စက်တင်ဘာလ ၂ ရက် နံနက်အစောပိုင်းက အခြားသင်္ဘောတစ်စင်းနှင့် တိုက်မိပြီးနောက် နစ်မြုပ်သွားခဲ့ရာ ကုန်တင်သင်္ဘောတစ်စင်းပေါ်ရှိ လူ ၁၀ ဦးကို တူရကီအာဏာပိုင်များက ရှာဖွေနေသည်။
ကုန်တင်သင်္ဘော Tugberk Imamoglu နှင့် ဓာတုဗေဒရေနံတင်သင်္ဘော Alsu တို့သည် မြို့၏အနောက်ပိုင်း ဆီလီဗရီ (Silivri) ခရိုင်တွင် စက်တင်ဘာလ ၂ ရက် ဒေသစံတော်ချိန် နံနက် ၃ နာရီ (GMT ၀၀၀၀) ခန့်တွင် တိုက်မိခဲ့ကြောင်း အစ္စတန်ဘူလ်မြို့ အုပ်ချုပ်ရေးမှူးရုံး၏ကြေညာချက်တွင် ဖော်ပြထားသည်။ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန၊ ရေကြောင်းညွှန်ကြားမှုဦးစီးဌာနက Tugberk Imamoglu ကုန်တင်သင်္ဘောမှာ ဖုန်းခေါ်ဆိုမှုများကို တုံ့ပြန်ခြင်း မရှိသည့်အပြင် သင်္ဘောသားများ၏ မိုဘိုင်းဖုန်းများမှလည်း ဖြေကြားခြင်းမရှိ၍ သင်္ဘောမှာ နစ်မြုပ်သွားသည်ဟု ယုံကြည်ရကြောင်း လူမှုကွန်ရက် X တွင် ပြောကြားခဲ့သည်။
ကမ်းခြေစောင့်တပ်ရှာဖွေရေးနှင့် ကယ်ဆယ်ရေးသင်္ဘော ၁၄ စင်းမှ ရဟတ်ယာဉ်တစ်စင်းက အစ္စတန်ဘူလ် ကမ်းရိုးတန်းတွင် ပျောက်ဆုံးနေသော သင်္ဘောသား ၁၀ ဦးကို ရှာဖွေနေကြကြောင်း သိရသည်။
Tugberk Imamoglu သင်္ဘောမှ အသက်ကယ်လှေတစ်စင်း အပါအဝင် အသက်ကယ်ပစ္စည်းများကို ရေပြင်ပေါ် ပေါလောမျောနေသည်ကို တွေ့ရှိခဲ့ကြောင်း၊ သို့သော် သင်္ဘောအတွင်း သင်္ဘောသား မရှိတော့ကြောင်းလည်း သိရသည်။
Tugberk Imamoglu ကုန်တင်သင်္ဘောက မီတာ ၉၀ (ပေ ၂၉၅) ရှည်ပြီး တူရကီအလံလွှင့်ထူထားကာ ပင်လယ်နက်ဆိပ်ကမ်းသို့ ဦးတည်ခုတ်မောင်းနေချိန်တွင် ဓာတုဗေဒရေနံတင်သင်္ဘောနှင့် တိုက်မိခဲ့ခြင်းဖြစ်သည်။ ရေကြောင်း ညွှန်ကြားမှုဦးစီးဌာန၏အဆိုအရ သင်္ဘောက သံမဏိတန်ချိန် ၄,၂၀၀ တင်ဆောင်လာကြောင်း သိရသည်။
၉၁ မီတာ (၂၉၈ ပေ) ရှည်လျားသော တူရကီအလံလွှင့်ထူထားသည့် Alsu ဓာတုဗေဒရေနံတင်သင်္ဘော မှာ တိုက်မိချိန်တွင် သင်္ဘောပေါ်၌ မည်သည့်ပစ္စည်းမှ မရှိခဲ့ဘဲ မည်သည့်ပျက်စီးမှုမျှ မဖြစ်ပွားခဲ့ကြောင်း အုပ်ချုပ်ရေးမှူးရုံးက ပြောကြားခဲ့သည်။
Ref: DW News
