၂၉.၈.၂၀၂၉
Written by KL
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ နိဗ္ဗာန်တိုက်နယ်၊ ရှားခဲအုပ်စု၊ နဲမနိတ်ကျေးရွာတွင် ပညာရေးဝန်ကြီးဌာနမှ အငြိမ်းစားဒုတိယညွှန်ကြားရေးမှူး၊ ကျောင်းဆရာမကြီးကို သတ်ဖြတ်၍ ပစ္စည်းလုယက်ခဲ့သူများကို သြဂုတ်လ ၂၇ ရက်နေ့က ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
လူသတ်ကာ ပစ္စည်းလုယက်ခဲ့မှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က စုံစမ်းရှာဖွေဖော်ထုတ်ခဲ့ရာ သီဟကျော်နှင့် ဇနီး မဇင်ဇင်နွယ်တို့ကို ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်၊ သမိန်ဗရမ်းလမ်း၊ အမှတ်(၂၀၈)တွင် ပစ္စည်းများနှင့်အတူ ဖမ်းမိခဲ့ပြီး နဲမနိတ်ကျေးရွာတွင် နေထိုင်သော ဦးတင်မျိုးအောင်(ခ)နေလကို ရှားခဲတွင် ဆက်လက်ဖမ်းမိခဲ့ကြောင်း သိရသည်။


“ရွာမှာ မသင်္ကာတဲ့သူတွေက ရုတ်တရက် ပျောက်ပြီး ထွက်ပြေးနေလို့ ရန်ကုန်က ရဲတပ်ဖွဲ့နဲ့ချိတ်ဆက်ပြီး ဖမ်းမိတာပါ။ ကျန်တဲ့တစ်ယောက်လည်း ရှားခဲမှာပဲ ပြန်ဖမ်းမိတာ”ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
ဟင်္သာတမြို့နယ်၊ နဲမနိတ်ကျေးရွာတွင် နေထိုင်သော ပညာရေးဝန်ကြီးဌာနမှ အငြိမ်းစားဒုတိယညွှန်ကြားရေးမှူး အသက် ၇၁ နှစ်အရွယ် ဆရာမကြီး ဒေါ်လှလှဝင်းကို သြဂုတ်လ ၂၁ ရက် မွန်းလွဲပိုင်းက အိမ်အနောက်ဘက် ရေချိုးခန်းဝင်ပေါက်ဘေးတွင် ဒဏ်ရာများဖြင့် သေဆုံးနေပြီး လက်ကိုင်ဖုန်းတစ်လုံး၊ ရွှေထည်ပစ္စည်းများနှင့်ငွေများ ပျောက်ဆုံးခဲ့ကြောင်း သိရသည်။
လူသတ်ကာ လုယက်မှုနှင့်ပတ်သက်၍ နိဗ္ဗာန်နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဆရာမဒေါ်လှလှဝင်းဆိုတာ စာအသင်အပြ အရမ်းကောင်းတယ်။ စည်းကမ်း စနစ်အလွန်ကြီးတယ်။ ဒုတိယညွှန်ကြားရေးမှူး တာဝန်နဲ့လည်း အခြေခံပညာ (၃) ဘဏ္ဍာရေးဌာနမှာလည်း အဂတိကင်းသူအဖြစ် ထင်ရှားတဲ့ဆရာမကြီးပါ”ဟု ဆရာမကြီး၏ တပည့်တစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။
