၂၁.၈.၂၀၂၆
Translated by Htwe Ko Tun
ယခုနှစ်နွေရာသီတွင် အပူနှင့်ဆက်စပ်သော သေဆုံးမှုအရေအတွက်မှာ ဂျာမနီနိုင်ငံ၌ ၁၄,၀၀၀ ခန့်အထိ စံချိန်တင်မြင့်တက်လာကြောင်း ဂျာမနီအစိုးရ၏ ဩဂုတ်လ ၂၀ ရက်တွင်ထုတ်ပြန်သော တရားဝင် အချက်အလက်များက ဖော်ပြခဲ့သည်။ လူသားများကြောင့်ဖြစ်ပေါ်သော ရာသီဥတုပြောင်းလဲမှုကြောင့် သမိုင်းတစ်လျှောက် မြင့်မားသော အပူချိန်များ မြင့်တက်လာမှုကို အဆိုးရွားဆုံးခံစားခဲ့ရသည့် နိုင်ငံများသည် အပူနှင့်ဆက်စပ်သော သေဆုံးမှု မြင့်တက်လာသည်ကို ဥရောပတွင် ကြုံတွေ့ခဲ့ရသည်။
Robert Koch Institute ၏ အဆိုအရ အပူလှိုင်းများဖြတ်သန်းမှုကြောင့် သေဆုံးမှုများအနက် ၉,၆၀၀ ခန့်သည် ဇွန်လကုန်ပိုင်း တစ်ပတ်အတွင်းက ဂျာမနီတွင် ၄၀ ဒီဂရီ ဆဲလ်စီးယပ်ကျော် အပူချိန်ရှိခဲ့သော ကာလအတွင်းက ဖြစ်ကြောင်း မှတ်တမ်းတင်ခဲ့သည်။

အပူလှိုင်းများနှင့် မိုးခေါင်ရေရှားမှုများသည် ဥရောပတွင် သမိုင်းဝင်ပူပြင်းသောနွေရာသီကို ပိုမိုဆိုးရွားစေပြီး အပူဒဏ်အဆိုးရွားဆုံးခံရသောနိုင်ငံများတွင် အပူနှင့်ဆက်စပ်သောသေဆုံးမှုများ မြင့်တက်လာစေခဲ့သည်။
စပိန်နိုင်ငံတွင်ဆိုလျှင်လည်း ပြည်သူ့ကျန်းမာရေးဌာနက ဇွန်လ ၁ ရက်မှစ၍ အပူနှင့်ဆက်စပ်သော သေဆုံးမှု ၄,၅၀၀ နီးပါးကို မှတ်တမ်းတင်ထားကြောင်း ဩဂုတ်လ ၂၀ ရက် ကိန်းဂဏန်းများက ပြသခဲ့သည်။ ပြင်သစ်ကျန်းမာရေးအာဏာပိုင်များက တူညီသောကာလအတွင်း အလွန်အကျွံသေဆုံးမှု ၇,၃၀၀ ကျော်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြားခဲ့သည်။
ဂျာမနီနိုင်ငံတွင် အပူနှင့်ဆက်စပ်သောသေဆုံးမှုအများဆုံးမှာ အသက် ၇၅ နှစ်ကျော်အုပ်စုတွင် ဖြစ်ပွားခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးအာဏာပိုင်က ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။
“အချို့ကိစ္စများတွင် ဥပမာ အပူရှပ်ခြင်းကဲ့သို့သော – အပူထိတွေ့မှုသည် တိုက်ရိုက်သေဆုံးမှုကို ဖြစ်စေသော်လည်း အများစုတွင် သေဆုံးမှုသည် အပူထိတွေ့မှုနှင့် ကြိုတင်ရှိပြီးသား ကျန်းမာရေးဆိုင်ရာ အခြေအနေများ ပေါင်းစပ်မှုကြောင့် ဖြစ်ပေါ်လာသည်” ဟု ၎င်း၏အစီရင်ခံစာတွင် ဖော်ပြထားသည်။
“ထို့ကြောင့် အပူကို သေဆုံးခြင်း၏ အခြေခံအကြောင်းရင်းအဖြစ် သေဆုံးလက်မှတ်တွင် ဖော်ပြလေ့မရှိပေ။ ယင်းအစား အပူနှင့်ဆက်စပ်သောသေဆုံးမှုများ၏ ပမာဏကို ခန့်မှန်းရန် စာရင်းအင်းနည်းလမ်းများကို အသုံးပြုရမည်” ဟုအစီရင်ခံစာကဆိုသည်။
မကြာသေးမီနှစ်များကို ပြန်ကြည့်လျှင် ၂၀၁၈ ခုနှစ်တွင် အပူနှင့်ဆက်စပ်သော သေဆုံးမှု ၈,၉၀၀ မှတ်တမ်းတင်ထားကြောင်း အင်စတီကျုက ပြောကြားခဲ့သည်။ အပူနှင့်ဆက်စပ်သော သေဆုံးမှုမှာ အခြားနှစ်များတွင် ၂,၀၀၀ နှင့် ၂၀၁၆ ခုနှစ်တွင် ၂,၀၀၀ အောက်သို့ ကျဆင်းသွားခဲ့သည်။
“ဤကွာခြားချက်များသည် အပူလှိုင်းများ၏ ပြင်းထန်မှုအမျိုးမျိုးကြောင့် ဖြစ်နိုင်သည်” ဟု အစီရင်ခံစာက ဆိုသည်။
ယခုနွေရာသီတွင် အပူနှင့် မိုးခေါင်ရေရှားမှုသည် ဥရောပ၏ အကြီးဆုံးစီးပွားရေးကို ထိခိုက်စေခဲ့ပြီး တောမီးများကိုလည်း ပိုမိုဆိုးရွားစေကာ သီးနှံအထွက်နှုန်းကို လျော့ကျစေပြီး ကုန်တင်သင်္ဘောများအတွက် အသုံးပြုသည့် အဓိကမြစ်များတွင် ရေမျက်နှာပြင် ကျဆင်းစေခဲ့သည်။
Ref-France 24
