သက်တံ့
၂၁. ၈. ၂၀၂၆
ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ထိုင်းနှင့် မြန်မာနိုင်ငံအကြား၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်ရှိ သောင်ရင်းမြစ် (Moei River) ရေသည် သောကြာနေ့ နံနက်ပိုင်းတွင် မြစ်ကမ်းပါးကျော်လွန်ကာ ရေလျှံတက်လာခဲ့သဖြင့် ရင်းမဲဆောက် (Rim Moei) နယ်စပ်ဈေးမှ ဈေးသည်များအနေဖြင့် မိမိတို့၏ ကုန်ပစ္စည်းများကို ဘေးလွတ်ရာ ကုန်းမြင့်ပိုင်းသို့ ရွှေ့ပြောင်းခဲ့ကြရသည်။
မဲဆောက် နယ်စပ်မြို့နယ်အတွင်း သောင်ရင်းမြစ်ရေ အခြေအနေကို တာဝန်ရှိသူများက အနီးကပ်စောင့်ကြည့်လျက်ရှိပြီး မိုးဆက်တိုက်ရွာသွန်းမှုကြောင့် သာဆိုင်းလုအတ် (Tha Sai Luat) ကျေးရွာအုပ်စုရှိ ပထမ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအောက် စောင့်ကြည့်ရေးစခန်း၌ ရေမှတ်သည် ညဉ့်နက်ပိုင်းမှစ၍ တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။

သောင်ရင်းမြစ်ရေသည် စတင်ရေလျှံကာ စင်တီမီတာ ၆၀ ခန့် ရေမြင့်တက်လာခဲ့ပြီး ရင်းမဲဆောက်ဈေး၏ ယာဉ်ရပ်နားစခန်းနှင့် သောင်ပြင်ကျွန်းများအထိ ရေဖုံးလွှမ်းသွားခဲ့သည်။ ထို့ကြောင့် နယ်စပ်ဈေးရှိ ဆိုင်ခန်းပေါင်း ၂၀၀ ကျော်မှ ကုန်သည်များသည် ပျက်စီးဆုံးရှုံးမှု မရှိစေရန်အတွက် ကုန်ပစ္စည်းများနှင့် တန်ဖိုးကြီးပစ္စည်းများကို ရေလွတ်ရာသို့ အရေးပေါ် ရွှေ့ပြောင်းခဲ့ကြရသည်။
တပ်မတော်သားများ၊ မဲဆောက်မြို့နယ် တာဝန်ရှိသူများ၊ အမှတ် (၃၄၆) နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ၊ သာဆိုင်းလုအတ် စည်ပင် သာယာရေးအဖွဲ့နှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပူးပေါင်း၍ ဈေးသည်များ၏ ပစ္စည်းများ ရွှေ့ပြောင်းရေးကို ကူညီဆောင်ရွက်ပေးလျက်ရှိပြီး အခြေအနေကိုလည်း ဆက်လက် စောင့်ကြည့်လျက်ရှိသည်။
နံနက် ၉ နာရီခွဲခန့်တွင် မဲဆောက်၌ မိုးရွာသွန်းမှု မိနစ် ၃၀ ခန့် ခဏရပ်တန့်သွားသော်လည်း ချစ်ကြည်ရေးတံတားအောက်ရှိ ရေမှတ်မှာမူ ဆက်လက်မြင့်တက်နေဆဲဖြစ်သည်။
အနီးဝန်းကျင်တွင် မိုးဆက်လက်ရွာသွန်းနေသကဲ့သို့ ဖို့ဖရ (Phop Phra) မြို့နယ်ဘက်မှ စီးဆင်းလာသော မိုးရေများကလည်း သောင်ရင်းမြစ်အတွင်းသို့ ထပ်မံစီးဝင်နေသဖြင့် စိုးရိမ်ဖွယ်ရာ အခြေအနေတွင်ပင် ရှိသေးကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
အလားတူ မြစ်တစ်ဖက်ကမ်းရှိ မြန်မာနိုင်ငံ၊ မြဝတီမြို့ဘက်တွင်လည်း သောင်ရင်းမြစ်ကမ်းဘေးရှိ ရပ်ကွက်များအတွင်းသို့ မြစ်ရေလျှံတက်ကာ အနီးရှိ လူနေရပ်ကွက်များအတွင်း ရေဝင်ရောက်မှုများ ရှိနေသဖြင့် ကြိုတင်ရွှေ့ပြောင်းရန် သတိပေးမှုများရှိနေကြောင်း သတင်းရရှိသည်။
ဘေးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် လျှော့ချရေး ဦးစီးဌာနသည် သောကြာနေ့နံနက်ပိုင်းတွင် Cell Broadcast စနစ်မှတစ်ဆင့် သတိပေးချက် ထုတ်ပြန်ခဲ့ပြီး မဲဆောက်မြို့နယ်ရှိ ကျေးရွာအုပ်စုအချို့နှင့် မဲရမတ် (Mae Ramat) မြို့နယ်၊ မဲချရော (Mae Charao) ကျေးရွာအုပ်စုတို့ရှိ သောင်ရင်းမြစ်ကမ်းဘေး ရေဘေးစိုးရိမ်ရသည့် ဒေသခံများအနေဖြင့် အခြေအနေကို အနီးကပ် စောင့်ကြည့်ကြရန် သတိပေးထားသည်။
အလားတူ ဌာနအနေဖြင့် ဒေသခံများအား အိမ်ထောင်ဦးစီး ပစ္စည်းများနှင့် တန်ဖိုးကြီးပစ္စည်းများကို ကုန်းမြင့်ပိုင်းသို့ ရွှေ့ပြောင်းရန်၊ မော်တော်ယာဉ်များကို ဘေးကင်းသော နေရာများသို့ ပြောင်းရွှေ့ထားရန်နှင့် အခြေအနေ ဆိုးရွားလာပါက ထိခိုက်လွယ်အုပ်စုများအား အရေးပေါ် ရွှေ့ပြောင်းနိုင်ရေး ပြင်ဆင်ထားရန် အကြံပြုထားသည်။
အကူအညီ လိုအပ်ပါက သို့မဟုတ် အရေးပေါ် ပြောင်းရွှေ့ရပါက အမြန်ဆုံး အကူအညီရယူနိုင်ရန်အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးခေါင်းဆောင်များ သို့မဟုတ် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဆက်သွယ်ကြရန်လည်း တိုက်တွန်းထားသည်။
Ref: Bangkok Post
