သက်တံ့
၂၁. ၈. ၂၀၂၆
တရုတ်နိုင်ငံက သူလျှိုလုပ်မှုဖြင့် မတရားဖမ်းဆီးထိန်းသိမ်းထားသည်ဟု အမေရိကန်က ပြောကြားထားသည့် ၎င်း၏ နိုင်ငံသားတစ်ဦးကို ပြန်လွှတ်ပေးရန် အမေရိကန်နိုင်ငံခြားရေးဌာနက ကြာသပတေးနေ့တွင် တောင်းဆိုလိုက်သည်။
မြန်မာနိုင်ငံဆိုင်ရာ သုတေသနအဖွဲ့ (Think-tank) တစ်ခုကို ဦးဆောင်နေသူ ပညာရှင် မင်းဇင်သည် ယူနန်နယ်စပ်တွင် ကျင်းပသည့် ပညာရပ်ဆိုင်ရာ ညီလာခံတစ်ခုသို့ တက်ရောက်ရန် တရုတ်နိုင်ငံ၏ ဖိတ်ကြားချက်အရ သွားရောက်ခဲ့ပြီးနောက် ဇွန်လ ၃ ရက်နေ့တွင် ပေကျင်းအစိုးရ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

“အမေရိကန်နိုင်ငံသား မင်းဇင်ကို မတရား ဖမ်းဆီးထိန်းသိမ်းခံရသူအဖြစ် နိုင်ငံခြားရေးဝန်ကြီး ရူဘီယို(Rubio) က တရားဝင် သတ်မှတ်လိုက်ပြီဖြစ်ပါတယ်” ဟု ကမ္ဘာ့ပြည်သူ့ရေးရာဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒိုင်လန် ဂျွန်ဆင် (Dylan Johnson) က X လူမှုကွန်ရက်ပေါ်တွင် ရေးသားခဲ့သည်။
“တရုတ်နိုင်ငံမှာ မတရားဖမ်းဆီးခံထားရသူ ဒါမှမဟုတ် ထွက်ခွာခွင့် ပိတ်ပင်ခံထားရသူ အမေရိကန်နိုင်ငံသား အားလုံးကို ပြန်လွှတ်ပေးဖို့ ပေကျင်းအစိုးရကို ကျွန်တော်တို့ တောင်းဆိုပါတယ်။ အမေရိကန်နိုင်ငံသားတွေရဲ့ ဘေးကင်းလုံခြုံရေးဟာ နိုင်ငံခြားရေးဌာနရဲ့ အဓိကထိပ်တန်း ဦးစားပေးဖြစ်ပါတယ်” ဟုလည်း သူက ဆက်လက်ပြောကြားခဲ့သည်။
မင်းဇင်သည် ကယ်လီဖိုးနီးယားတက္ကသိုလ် (ဘာကလေ) မှ နိုင်ငံရေးသိပ္ပံ ပါရဂူဘွဲ့သင်တန်းသား (PhD candidate) သုတေသီတစ်ဦးဖြစ်ပြီး အမေရိကန်၏ထောက်ပံ့မှုဖြင့် ၂၀၁၆ ခုနှစ်တွင် ISP-Myanmar ကို စတင်တည်ထောင်ခဲ့သူ ဖြစ်သည်။
ယင်းသုတေသနအဖွဲ့၏ အဆိုအရ အမေရိကန်နိုင်ငံသား မင်းဇင်သည် ၁၉၈၈ ခုနှစ် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ကျောင်းသားခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်ပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးသည် ၎င်း၏ သုတေသနပြုရာ အဓိကနယ်ပယ်လည်း ဖြစ်သည်။ ISP-Myanmar အဖွဲ့သည် တပ်မတော်က ဦးစီးကျင်းပသည့် ရွေးကောက်ပွဲမှတစ်ဆင့် အာဏာရရှိလာပြီး တရုတ်၏ ပေါ်ပေါ်ထင်ထင် ထောက်ခံမှုကို ရရှိထားသည့် တရုတ်နှင့် မြန်မာအစိုးရကို ဝေဖန်တိုက်ခိုက်နေသည့် အဖွဲ့ဖြစ်သည်။
မင်းဇင်သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကူမင်းမြို့သို့ လေယာဉ်ဖြင့် ရောက်ရှိလာပြီးနောက် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး တရုတ်အမျိုးသား လုံခြုံရေးကို ထိပါးစေမှုနှင့် သူလျှိုလုပ်မှုများဖြင့် စွပ်စွဲခံခဲ့ရသည်။ ISP အဖွဲ့က အဆိုပါစွပ်စွဲချက်များကို ငြင်းဆိုထားပြီး လာမည့် စက်တင်ဘာလတွင် သမ္မတ ထရမ့်ပ်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံရန် ပြင်ဆင်နေချိန်၌ မိမိတို့၏ တည်ထောင်သူကို လွတ်မြောက်အောင် ကူညီပေးပါရန် အမေရိကန် နိုင်ငံခြားရေးဌာနသို့ မေတ္တာရပ်ခံထားသည်။

“လာမည့်လတွင် သမ္မတ ရှီနှင့် သမ္မတ ထရမ့်ပ်တို့ မတွေ့ဆုံမီ အမေရိကန်အစိုးရအနေဖြင့် မင်းဇင်၏အမှုကို ထိပ်တန်းဦးစားပေးအဖြစ် ဆက်လက်ထားရှိပေးရန်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) အနေဖြင့် သူ့ကို ချက်ချင်းနှင့် ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန် တောင်းဆိုအပ်ပါသည်” ဟု ISP အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အမေရိကန် နိုင်ငံခြားရေးဌာန၏ အဆိုအရ မင်းဇင်သည် တရုတ်နိုင်ငံတွင် ဖမ်းဆီးခံထားရသည့် အမေရိကန်နိုင်ငံသား နှစ်ဦးအနက် တစ်ဦးဖြစ်သည်။
မြောက်ကိုရီးယား၏ နျူကလီးယားစမ်းသပ်မှုများကို လေ့လာသူ ငလျင်ဗေဒပညာရှင် ယူလင်းချန် (Youlin Chen) သည်လည်း ဘော့စတွန်သို့ အိမ်ပြန်ရန် ပေကျင်း အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကြိုးပမ်းစဉ် ဖမ်းဆီးခံခဲ့ရပြီး တရုတ်နိုင်ငံက ၎င်းကိုလည်း သူလျှိုလုပ်မှုဖြင့် စွပ်စွဲထားသည်။
Ref: New York Post
