၂၁.၈.၂၀၂၆
Translated by Htwe Ko Tun
နိုင်ဂျီးရီးယားနိုင်ငံ၊ အနောက်မြောက်ပိုင်း ဆိုကိုတိုပြည်နယ်ရှိ မြစ်တစ်စင်းတွင် ခရီးသည်အလွန်အကျွံ တင်ဆောင်လာသော လှေတစ်စင်း ဩဂုတ်လ ၂၁ ရက်က တိမ်းမှောက်ခဲ့ပြီး အနည်းဆုံး လူ ၅၀ ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက အတည်ပြုပြောကြားခဲ့သည်။
လှေသည် လယ်ယာများတွင် အလုပ်လုပ်မည့်သူများကို တင်ဆောင်လာသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ဒေသခံအရာရှိများနှင့် ဒေသခံများက အနည်းဆုံး ကလေး ၄၀ ဦး သေဆုံးသူများတွင် ပါဝင်ကြောင်း ပြောကြားခဲ့သည်။ ဒေသခံတစ်ဦးဖြစ်သူ ဆာမီလာ ကာဘာက ၎င်း၏ ၁၃ နှစ်အရွယ် မြေးမသည် သေဆုံးသူများထဲတွင် ပါဝင်ကြောင်း၊ သေဆုံးသူများတွင် အများစုမှာ အမျိုးသမီးများနှင့် ကလေးများဖြစ်ကြောင်း ပြောခဲ့သည်။

အာဏာပိုင်အဖွဲ့၏ ဒေသမန်နေဂျာ အဗ္ဗဒူလ် ကာဒါ ယူဆပ်ဖ်က “အခုချိန်ထိ ကလေးအလောင်း ၄၀ ခန့် ရှိတယ်ဆိုတာ ကျွန်တော် အတည်ပြုနိုင်ပါတယ်” ဟု ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။ မိုးရာသီအတွင်း အမျိုးသမီးနှင့် ကလေးအများစုသည် လယ်ယာသို့ အလုပ်လုပ်ရန် သွားရောက်ကြသည်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
ဆိုကိုတိုပြည်နယ်ရှိ အမျိုးသားအရေးပေါ် စီမံခန့်ခွဲရေးအေဂျင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဒါဟာ ကူးက လှေပေါ်တွင် ခရီးသည် ၇၀ ကျော်လိုက်ပါလာပြီး ပျောက်ဆုံးနေသူများကို ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။
“ကျွန်တော်တို့ အခု လှေမှောက်မှုဖြစ်ပွားရာနေရာကို ရောက်နေပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်နေပါပြီ” ဟု ၎င်းက ပြောကြားခဲ့သည်။
နိုင်ဂျီးရီးယားတွင် အထူးသဖြင့် မိုးရာသီ၌ အသက်ဆုံးရှုံးမှုများသော လှေမှောက်မှုများသည် အဖြစ်များပြီး လှေများက ခရီးသည် အလွန်အကျွံတင်ဆောင်ခြင်း၊ ပြုပြင်ထိန်းသိမ်းမှု ညံ့ဖျင်းခြင်း သို့မဟုတ် ဘေးကင်းရေးစည်းမျဉ်းများကို မလိုက်နာခြင်းတို့ကြောင့် နှစ်စဉ် လူအများအပြား သေဆုံးလျက်ရှိသည်။
Ref: DW News
