၂၁.၈.၂၀၂၆
Written by KL
ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ မဲကုန်းရပ်ကွက်ရှိ ရေကန်တွင် ကန်စွန်းရွက်ဆင်းခူးသူ အမျိုးသားကြီးတစ်ဦး ရေနစ်သေဆုံးမှု သြဂုတ်လ ၂၀ ရက် ညနေ ၅ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ရုပ်အလောင်းကို သယ်ယူပေးခဲ့သည့် ရင်ခုန်သံ ရှင်ရေးကူညီမှုအသင်းမှ တာဝန်ရှိသူကပြောသည်။
သေဆုံးသူမှာ အုတ်တွင်းမြို့နယ်၊ မဲကုန်းရပ်ကွက်တွင် နေထိုင်သော အသက် ၄၉ နှစ်အရွယ် ဦးမောင်လှဖြစ်ပြီး ရပ်ကွက်အနီးရှိ လယ်ကွင်းများကြား ရေကန်တွင် ကန်စွန်းရွက်ဆင်းခူးရာမှ ရေနစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“လူက မူးလည်းမူးနေတော့ ရေအောက်ချိုင့်ခွက် တစ်ခုခုထဲ ကျသွားပုံရတယ်။ မိသားစုက အိမ်ပြန်မလာလို့ လိုက်ရှာမှပဲ အလောင်းကို တွေ့တာ”ဟု ရုပ်အလောင်းသွားရောက်သယ်ဆောင်ပေးခဲ့သူတစ်ဦးကပြောသည်။
ရေနစ်သေဆုံးသူ၏ ရုပ်အလောင်းကို ရင်ခုန်သံ ရှင်ရေးကူညီမှုအသင်းမှ အသင်းဝင် လေးဦး၊ ရဟန်း နှစ်ပါးတို့က သွားရောက်သယ်ဆောင်ပေးခဲ့ပြီး အုတ်တွင်းမြို့ အနောက်သုသာန်သို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။





