၂၁.၈.၂၀၂၆
Written by Linn Eain
ရန်ကုန်-နေပြည်တော် DEMU လူစီးအမြန်ရထားနှင့်ပိတ်ထားသည့် တရားမဝင်လမ်းကူးဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် ဘေးတွဲဆိုင်ကယ် ပွတ်တိုက်မိမှု သောင်းတိုင်ကုန်းနှင့် တောင်ငူဘူတာအကြား မိုင်တိုင်အမှတ် ၁၆၅/၁ နှင့် ၂ ကြားတွင် ဩဂုတ် ၂၀ ရက် နေ့လယ် ၃ နာရီ ၅၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

အမှတ် (၇) အဆန် ရန်ကုန်-နေပြည်တော် DEMU လူစီးအမြန်ရထားသည် သောင်းတိုင်ကုန်းနှင့် တောင်ငူဘူတာအကြား မိုင်တိုင်အမှတ် ၁၆၅/၁ နှင့် ၂ ကြားရှိ ကျေးရွာအစီအစဉ်ဖြင့် ဂိတ်စောင့်(ဖွင့်/ပိတ်) ပြုလုပ်သော တရားမဝင်လမ်းကူးဂိတ်တွင် ဘေးတွဲဆိုင်ကယ်နှင့် ပွတ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး DEMU ရထားစက်ခေါင်း၏ ရှေ့ညာဘက်မီးလုံးကွဲပြီး ဆေးပွန်းပဲ့မှုဖြစ်ပွား၍ ခရီးသည်များနှင့် ဝန်ထမ်းများ ထိခိုက်မှုမရှိခဲ့ကြောင်း၊ ရထားကြန့်ကြာမှု (၃၅) မိနစ် ဖြစ်ပေါ်ခဲ့ကာ အခြားရထားများ ကြန့်ကြာမှုမရှိဘဲ ပုံမှန်အတိုင်းပြေးဆွဲခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်သည် တရားမဝင်လမ်းကူးဂိတ်၏ အရှေ့ဘက်မှ အနောက်ဘက်သို့ မောင်းနှင်လာသည့် ဘေးတွဲဆိုင်ကယ်အမှတ် BGO 3215 သည် အရပ်သားဂိတ်စောင့်မှ ဝါးလုံးတန်းဖြင့် ဂိတ်ပိတ်တားဆီးထားသော်လည်း အရှိန်မထိန်းနိုင်ဘဲ ရထားလမ်းအား ဖြတ်ကျော်မောင်းနှင်မှုကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဂိတ်သည် ကျေးရွာအစီအစဉ်ဖြင့် ဂိတ်စောင့်က (ပိတ်/ဖွင့်) ပြုလုပ်သော တရားမဝင်လမ်းကူးဂိတ်ဖြစ်ပြီး မြန်မာ့မီးရထားမှ ဂိတ်စောင့်တာဝန်ချထားခြင်းမရှိကြောင်း သိရသည်။
DEMU ရထားနှင့် ဘေးတွဲဆိုင်ကယ်တိုက်မိမှုဖြစ်စဉ်ကြောင့် ဘေးတွဲဆိုင်ကယ်မောင်းနှင်သူ ဝင်းနိုင်ဦး (ဘ) ဦးတင်လှိုင်၊ ရေပုတ်ကုန်းရွာနေသူအား ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာနယ်မြေ တောင်ငူအမှတ် (၁) ရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်ထားကြောင်း မြန်မာ့မီးရထားမှ သိရသည်။
