သတိုး
၁၆. ၈. ၂၀၂၆
အင်ဒိုနီးရှား စစ်တပ် သင်တန်းဆင်းပွဲ အခမ်းအနားတစ်ခုတွင် ရိုက်ကူးထားသည့် စိတ်လှုပ်ရှားဖွယ် ရုပ်သံဖိုင်တစ်ခုသည် အွန်လိုင်းပေါ်တွင် ကြည့်ရှုသူအများအပြား၏ နှလုံးသားကို လှုပ်ခါသွားစေခဲ့သည်။
အခမ်းအနား ပြီးဆုံးချိန်တွင် ရဲဘော်များသည် ၎င်းတို့၏ သင်တန်းဆင်း အောင်မြင်မှုကို မိသားစုများ၊ ချစ်ခင်ရသူများနှင့်အတူ ဝမ်းမြောက်ဝမ်းသာ ဆုံစည်း အောင်ပွဲခံနေကြသည်။ သို့သော် ထိုသို့ ရွှင်လန်းဝမ်းမြောက်နေကြသည့် လူအုပ်ကြီး၏ အလယ်တွင် ရဲဘော်တစ်ဦးတည်းသာလျှင် ထူးခြားစွာ တစ်ကောင်ကြွက် မတ်တပ်ရပ်နေခဲ့ရသည်။
လုပ်ဖော်ကိုင်ဖက် ရဲဘော်များမှာ မိဘများ၊ ချစ်သူများနှင့် ဆွေမျိုးသားချင်းများ၏ ကြိုဆိုမှုကို ပျော်ရွှင်စွာ ခံယူနေကြချိန်တွင် ထိုလူငယ်ရဲဘော်မှာမူ ၎င်းထံ မည်သူမျှ ရောက်ရှိမလာဘဲ ကြေကွဲဖွယ် စောင့်ဆိုင်းနေခဲ့ရသည်။ ၎င်း၏ ပတ်ဝန်းကျင်မှ ဆူညံစွာ ပျော်ရွှင်နေကြသည့် ဝန်းကျင်နှင့် ထိုရဲဘော်၏ တစ်ကိုယ်တည်း အထီးကျန်ဆန်မှုတို့မှာ လွန်စွာမှ သိသာထင်ရှားလှပေသည်။
ထိုစဉ် ၎င်း၏ တပ်မှူးက အကွာအဝေးတစ်ခုမှနေ၍ ထိုအခြေအနေကို သတိပြုမိသွားကာ ရဲဘော်ရှိရာသို့ လျှောက်လှမ်းလာခဲ့သည်။ စတင်ချိန်တွင် ရဲဘော်သည် ၎င်း၏ ဝမ်းနည်းကြေကွဲမှု ခံစားချက်ကို တင်းခံထိန်းချုပ်ထားနိုင်ခဲ့သော်လည်း တပ်မှူးက သူ့အား ရင်ခွင်ထဲသွင်း၍ နွေးထွေးစွာ ပွေ့ဖက်လိုက်သည့် စက္ကန့်ပိုင်းအတွင်းမှာပင် ထိန်းချုပ်ထားသမျှ ပေါက်ကွဲကာ ဝက်ဝက်ကွဲ ငိုကြွေးခဲ့ရတော့သည်။
အလွန်ပင် လေးနက်လှသော အထီးကျန်ဆန်မှု ဖြစ်သွားနိုင်သည့် အခိုက်အတန့်ကို နွေးထွေးမှု၊ အကာအကွယ်ပေးမှုနှင့် တစ်သွေးတည်းတစ်သားတည်းဖြစ်မှုဆီသို့ လှည့်ပြောင်းပေးလိုက်သည့် ထိုရှင်းလင်းသော ကြင်နာမှုပြကွက်မှာ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့သွားခဲ့သည်။ တပ်မှူးအနေဖြင့် စကားလုံးများစွာ စေတနာစကား ဆိုနေစရာပင် မလိုတော့ဘဲ ထိုပွေ့ဖက်မှုတစ်ခုတည်းကပင် ရဲဘော်အား “မင်းတစ်ယောက်တည်း မဟုတ်ပါဘူး” ဟု သက်သေထူပြလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။
ထိုရုပ်သံဖိုင်ကြောင့် အွန်လိုင်းကြည့်ရှုသူများလည်း မိမိတို့၏ ဘဝမှတ်တိုင်များတွင် ချစ်ခင်ရသူများကို စောင့်ဆိုင်းခဲ့ရသည့် ကိုယ်တွေ့ အတွေ့အကြုံများကို အပြိုင်အဆိုင် ပြန်လည်မျှဝေခဲ့ကြသည်။ အွန်လိုင်းမှတ်ချက်တစ်ခုတွင် “ဒီခံစားချက်ကို ကျွန်တော် ကောင်းကောင်းကြီး သိတာပေါ့… ။ ၁၉၉၆ က ကျွန်တော်စစ်သင်တန်းဆင်းပွဲတုန်းက မိသားစုရော သူငယ်ချင်းပါ တစ်ယောက်မှ လာမကြည့်ခဲ့ကြဘူး။ အဲဒါ ကျွန်တော့်ဘဝရဲ့ အကောင်းဆုံးနဲ့ အဆိုးဆုံးနေ့ပါပဲ” ဟု ရေးသားထားသည်။
အခြားသူတစ်ဦးကလည်း ငယ်စဉ်က အထီးကျန်နေထိုင်ခဲ့ရသည့် အမှတ်တရကို “သူ့ရဲ့ ခံစားချက်ကို ကျွန်တော် ကိုယ်ချင်းစာလို့ရပါတယ်။ ငယ်ငယ်က ကျောင်းဆောင်မှာနေတုန်းက စနေ၊ တနင်္ဂနွေနေ့တွေဆို မေမေ လာတွေ့မှာကို မျှော်နေခဲ့ရတာ။ အခြားကလေးတွေရဲ့ မိဘတွေက မုန့်တွေယူလာပြီး တနင်္ဂနွေနေ့ကို ကလေးတွေနဲ့အတူ ဖြတ်သန်းနေချိန်မှာ ကျွန်တော့် မေမေကတော့ ၂ လ၊ ၃ လမှ တစ်ခါပဲ လာနိုင်ခဲ့တာ” ဟု မျှဝေခဲ့သည်။
အချို့သော ကြည့်ရှုသူများကလည်း မိသားစုဝင်များ ရောက်မလာခြင်းမှာ ထိုရဲဘော်ကို စွန့်ပစ်ထားခြင်း မဟုတ်နိုင်ကြောင်း ထောက်ပြခဲ့ကြသည်။ မှတ်ချက်တစ်ခုတွင် “ဖြစ်နိုင်တာကတော့ သူ့မိသားစုဟာ သူရောက်ရှိနေတဲ့နေရာနဲ့ အလွန်ဝေးကွာတဲ့ ဒေသမှာ ရှိနေလို့ပါ။ အင်ဒိုနီးရှားဆိုတာ ကျွန်းစုပေါင်းများစွာနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံဖြစ်လို့ ခရီးစရိတ် ကြီးမားလွန်းတာကြောင့် မိသားစုက မလာနိုင်တာ ဖြစ်နိုင်ပါတယ်။ စိတ်ကို အေးအေးထားပြီး စိတ်ရှည်ပါ ညီရာ… ။ မင်းကို ညီအစ်ကိုအရင်းလို၊ မိသားစုလို သဘောထားတဲ့ စစ်ဖော်စစ်ဖက် ရဲဘော်တွေ အများကြီး ရှိပါသေးတယ်။ စိတ်ဓာတ်မကျပါနဲ့” ဟု အားပေးရေးသားထားသည်။
အခြားသူများမှာမူ ထိုမြင်ကွင်းကို ကြည့်ရှုရင်း ကိုယ်ပိုင်ခံစားချက်များနှင့် တိုက်ရိုက်ဆက်နွှယ်သွားခဲ့ကြသည်။ “ကျောင်းတက်ခဲ့တဲ့ တစ်လျှောက်လုံး သင်တန်းဆင်းပွဲတွေမှာ ကျွန်တော့်အတွက် ဘယ်သူမှ လာမကြည့်ခဲ့ဖူးတော့ ဒီမြင်ကွင်းက ကွက်တိပါပဲ” ဟု တစ်ဦးက ဆိုကာ၊ အခြားတစ်ဦးကလည်း “ဝမ်းနည်းစရာကောင်းလိုက်တာ… အခုကြည့်ရင်း ငါပါ ငိုနေရပြီ” ဟု ရေးသားခဲ့ကြသည်။
အဆိုပါ ရုပ်သံဖိုင်သည် ကြည့်ရှုသူ သန်းပေါင်းများစွာအထိ စံချိန်တင် ရောက်ရှိခဲ့သော်လည်း ရုပ်သံ၏ မူရင်းရင်းမြစ်နှင့် ၎င်း၏ နောက်ကွယ်မှ အသေးစိတ် အကြောင်းအရာများကိုမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
Ref: News 18
