၁၅. ၈.၂၀၂၆
Translated by Htwe Ko Tun
အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်း ဖလိုးစ် (Flores) ကျွန်းတွင် ပြင်းအား ၇ ဒသမ ၇ မဂ္ဂနီကျူ့ရှိသော မြေငလျင်တစ်ခု ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက် အစောပိုင်းက လှုပ်ခတ်ခဲ့ရာ အနည်းဆုံး လူ ၂၀ ဦး သေဆုံးပြီး ထောင်ပေါင်းများစွာ ထွက်ပြေးခဲ့ရကာ ဆူနာမီသတိပေးချက်ပါ ထုတ်ပြန်ခဲ့ရကြောင်း သိရသည်။
”လက်ခံရရှိထားတဲ့ သတင်းတွေအရ လူ ၂၀ ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိထားကာ နှစ်ဦးကတော့ အပျက်အစီးတွေအောက်မှာ ပိတ်မိနေဆဲ ဖြစ်ပါတယ်” ဟု မောမဲ (Maumere) မြို့မှ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအရာရှိ ဖာသာ ရာမန်က အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်နေသော လှေတစ်စင်းပေါ်မှ တယ်လီဖုန်းဖြင့် ပြောကြားခဲ့သည်။ မောမဲမြို့သည် ဖလိုးစ်ကျွန်း၏ မြောက်ဘက်ကမ်းရိုးတန်းတွင် တည်ရှိသောမြို့တစ်မြို့ ဖြစ်သည်။

ငလျင်ဗဟိုချက်နှင့် အနီးဆုံးဒေသဖြစ်သော နာဂီကီအို (Nagekeo) ခရိုင်ရှိ ဒေသခံများသည် ပင်လယ်ရေများ ဆုတ်ခွာသွားသည်နှင့်အမျှ ကုန်းမြင့်ပိုင်းများသို့ အပြေးအလွှား သွားရောက်ခဲ့ကြကြောင်း၊ ယင်းမှာ ဆူနာမီလှိုင်းများ နီးကပ်လာခြင်း၏ လက္ခဏာတစ်ရပ် ဖြစ်နိုင်ကြောင်း AFP သတင်းထောက်များက ပြောကြားခဲ့သည်။
နောက်ပိုင်းတွင် ဆူနာမီသတိပေးချက်ကို ရုပ်သိမ်းခဲ့သော်လည်း နောက်ဆက်တွဲငလျင်များကြောင့် ပျက်စီးနေသော အဆောက်အအုံများဆီသို့ မပြန်ကြရန် ပြည်သူများကို သတိပေးထားသည်။
အဆိုပါ ရေတိမ်ငလျင်၏ ဗဟိုချက်သည် ကျွန်း၏ မြောက်ဘက်ကမ်းရိုးတန်း၌ တည်ရှိပြီး ကမ်းရိုးတန်းမြို့ဖြစ်သော အန်ဒေး (Ende) မြို့၏ အနောက်မြောက်ဘက် ၆၈ ကီလိုမီတာခန့် အကွာတွင် တည်ရှိကြောင်း အမေရိကန်နှင့် အင်ဒိုနီးရှား အာဏာပိုင်များက ပြောကြားခဲ့သည်။

ငလျင်လှုပ်ခတ်ပြီးနောက် ထိုဒေသ၌ပင် ပြင်းအား ၆ ဒသမ ၁ မဂ္ဂနီကျူ့ရှိသော နောက်ဆက်တွဲငလျင်များ ထပ်မံလှုပ်ခတ်ခဲ့ကြောင်းလည်း သိရသည်။
ပျက်စီးဆုံးရှုံးမှု အပြည့်အစုံကို အကဲဖြတ်နေဆဲဖြစ်ပြီး ရုပ်မြင်သံကြား မှတ်တမ်းများအရ ကယ်ဆယ်ရေးသမားများသည် မောမဲမြို့ရှိ အပျက်အစီးများကြားတွင် ပိတ်မိနေသူများကို ရှာဖွေနေသည်ကို တွေ့ရသည်။
ဂျကာတာမြို့၏ အရှေ့ဘက် ၂,၅၀၀ ကီလိုမီတာခန့်အကွာ မောမဲမြို့တွင် နေထိုင်သူ လူးကားစ် လိုတာက “မြေကြီးက ရုတ်တရက် တုန်ခါလာတော့ ကျွန်တော် ထိတ်လန့်သွားခဲ့တယ်” ဟု ပြောကြားခဲ့သည်။
”လူနာတွေလည်း ဆေးရုံထဲကနေ အပြင်ကို ထွက်ပြေးခဲ့ကြတယ်။ ငလျင်လှုပ်တာ တော်တော်ပြင်းထန်တယ်။ နံရံအချို့ အက်ကွဲသွားတာကိုလည်း ကျွန်တော် မြင်ခဲ့ရတယ်” ဟု ဆေးရုံဝန်ဆောင်မှုအရာရှိဖြစ်သူ လိုတာက AFP သို့ ပြောကြားခဲ့သည်။
ထိခိုက်ပျက်စီးသွားသော ဒေသတွင် မြို့များနှင့် ကျေးရွာများ အများစုပါဝင်ပြီး အထပ်မြင့်အဆောက်အအုံများ လုံးဝမရှိကြောင်း သိရသည်။
အင်ဒိုနီးရှားနှင့် အိမ်နီးချင်းနိုင်ငံများသည် ပစိဖိတ် “မီးကွင်း” (Ring of Fire) ဇုန်အတွင်း တည်ရှိသောကြောင့် ငလျင်များ မကြာခဏ ကြုံတွေ့ရလေ့ရှိသည်။ ယင်းဇုန်မှာ ဂျပန်မှသည် အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသတစ်လျှောက် ပြင်းထန်သော ငလျင်လှုပ်ရှားမှုများ ဖြစ်ပေါ်ရာ ဒေသဖြစ်သည်။
၁၉၉၂ ခုနှစ်ကလည်း ဖလိုးစ်ကျွန်းတွင် ပြင်းအား ၇ ဒသမ ၇ မဂ္ဂနီကျူ့ရှိသော ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ဆူနာမီလှိုင်းများ ဖြစ်ပေါ်ခဲ့ပြီး လူ ၂,၅၀၀ ခန့် သေဆုံးခဲ့ရသည်။
Ref: AFP

