၁၅.၈.၂၀၂၆
Written by Thiri
ဈေးကားတစ်စီး တိမ်းမှောက်ကာ လူတစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ် ဒီနေ့မနက် ၉ နာရီဝန်းကျင်က မြဝတီမြို့၊ အာရှလမ်း၊ တောင်ပေါ်ကွမ်းခြံကုန်းအဆင်းမှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ မြဝတီအခြေစိုက် လူမှုကယ်ဆယ်ရေး အသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က ဆန်၊ ဂေါ်ဖီထုပ်၊ ခရမ်းချဉ်သီးသေတ္တာတွေအပါအဝင် ဝိတ်အပြည့် တင်ဆောင်လာတဲ့ အဆိုပါ ဈေးကြို မော်တော်ယာဉ်မှာ အခင်းဖြစ်နေရာအရောက် ဘရိတ်ကပ်ကာ တိမ်းမှောက်မှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါသူ အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦးအနက် ယာဉ်မောင်းဖြစ်သူအမျိုးသားမှာ နေရာတင်ပင် သေဆုံးခဲ့ပြီး ကျန်နှစ်ဦးမှာလည်း အနီရောင်အဆင့် ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။


အလင်းသစ် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက “အဲဒီကားက ကော့ကရိတ်ဘက်ကနေ တက်လာတာ။ ဒီကွမ်းခြံကုန်းကွေ့က နာမည်ကြီးပဲ။ မကြာခဏ ဖြစ်တယ်။ အာရှလမ်း မပိတ်ခင် လွန်ခဲ့တဲ့ လေးငါးနှစ်ကဆို ဇာတ်ကားတစ်ခါမှောက်ဖူးတယ်။ ကုန်စိမ်းကားတွေလည်း ခဏခဏ မှောက်တယ်။ အဓိက က မိုးခပ်စွေစွေ ကျနေရင် လမ်းကချော်နေတာ။ အဲ့ဒါကြောင့် ဖြစ်တာ။ အမတို့ ကယ်ဆယ်ရေးကားတွေ လာတာတောင် အတော်သတိထားမောင်းရတယ်။ စလစ်ဖြစ်မှာစိုးလို့။ အခုက ဝိတ်အပြည့်ဆိုတော့ ယာဉ်မောင်းဆိုရင် ကားလေကာမှန်ကနေ အပြင်ကိုလွှင့်ထွက်ပြီး ဆုံးနေတာ” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
လက်ရှိမှာတော့ သေဆုံးသူကို မြဝတီ ပြည်သူ့ဆေးရုံကြီးဆီ ပို့ဆောင်ထားရှိပြီး ပြင်းထန်ဒဏ်ရာရသူ နှစ်ဦးကိုလည်း မြဝတီဆေးရုံကနေတစ်ဆင့် မဲဆောက်ပြည်သူဆေးရုံဆီ ကုသမှုခံယူနိုင်ဖို့ လူမှုကယ်ဆယ်ရေးအသင်းက ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။


