MT News
၁၅. ၈. ၂၀၂၆
ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်များ လျော့ပါးသက်သာစေရေးအတွက် သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားသည်။
ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ သံတမန်ဇုန်မြောက်ဘက်၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် မိုးရာသီ နိုင်ငံတော်အဆင့် တတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲတော်သို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်စဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။



လက်ရှိကမ္ဘာတစ်ဝန်း ရင်ဆိုင်နေရသည့် အကြီးမားဆုံး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများမှာ ရာသီဥတုပြောင်းလဲမှု (Climate Change) နှင့် ကမ္ဘာကြီးပူနွေးလာမှု (Global Warming) တို့ဖြစ်ပြီး ယင်းတို့ကြောင့် အပူချိန်လွန်ကဲခြင်း၊ မိုးခေါင်ရေရှားခြင်း၊ ရေကြီးရေလျှံခြင်းနှင့် ပြင်းထန်သည့် မုန်တိုင်းများအပါအဝင် သဘာဝဘေးအန္တရာယ်များကို ပိုမိုရင်ဆိုင်လာရကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင်လည်း ၂၀၂၃ ခုနှစ် မိုခါမုန်တိုင်း၊ ၂၀၂၄ ခုနှစ် စူပါတိုင်ဖွန်း ရာဂီမုန်တိုင်းနှင့် ဆက်စပ်သည့် ရေကြီးရေလျှံမှု၊ မြေပြိုမှုများ ကြုံတွေ့ခဲ့ရသကဲ့သို့ လက်ရှိတွင်လည်း ဧရာဝတီ၊ စစ်ကိုင်းနှင့် မန္တလေးတိုင်းဒေသကြီးများ၊ ရှမ်းပြည်နယ်ရှိ မြို့နယ်အချို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့ကြောင့် သဘာဝဘေးအန္တရာယ်များ လျော့ပါးသက်သာစေရေးအတွက် လူတိုင်းပါဝင်ဆောင်ရွက်နိုင်ပြီး ကုန်ကျစရိတ်အသက်သာဆုံး နည်းလမ်းတစ်ခုဖြစ်သည့် သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများ ထိန်းသိမ်းခြင်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်ရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတက တိုက်တွန်းပြောကြားခဲ့သည်။



ထို့အပြင် သစ်ပင်သစ်တောများသည် ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးအပြင် ရေနှင့်မြေဆီလွှာထိန်းသိမ်းရေး၊ စားရေရိက္ခာဖူလုံရေးနှင့် နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အရေးပါသည့်အတွက် စနစ်တကျ စိုက်ပျိုးထိန်းသိမ်းရန် လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်။
နိုင်ငံတော်အနေဖြင့် နှစ်စဉ်သစ်ပင်စိုက်ပျိုးခြင်းကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အားပေးဆောင်ရွက်လျက်ရှိရာ ယခုနှစ်မိုးရာသီအတွင်း နိုင်ငံပိုင်သစ်တောစိုက်ခင်းများအပါအဝင် နိုင်ငံတစ်ဝန်း သစ်ပင်ပေါင်း ၂၁ ဒသမ ၃၇ သန်း စိုက်ပျိုးတည်ထောင်နိုင်ခဲ့ပြီးဖြစ်သည်။



ထို့အတူ လမ်းမကြီးများ၏ ဘေးဝဲယာ၊ သစ်ပင်ကျဲပါးသည့် တောင်ကုန်းများနှင့် မြစ်ချောင်းများ၏ ရေဝေရေလဲဒေသများတွင် သစ်ပင်များ တိုးချဲ့စိုက်ပျိုးရန်၊ မြို့ပြနှင့် ကျေးလက်ဒေသများ စိမ်းလန်းစိုပြည်ရေးကို အရှိန်မြှင့်ဆောင်ရွက်ရန်နှင့် သစ်ပင်စိုက်ပျိုးရာတွင် “တစ်ပင်စိုက်၊ တစ်ပင်ရှင်သန်စေရေး” ကို အထူးအလေးထားကြရန် နိုင်ငံတော်သမ္မတက မှာကြားခဲ့သည်။
ယင်းသို့ ဆောင်ရွက်ခြင်းဖြင့် ရာသီဥတုပြောင်းလဲမှုကို ကြံ့ကြံ့ခံနိုင်သည့် လူနေမှုပတ်ဝန်းကျင်များ ဖန်တီးနိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံတစ်ဝန်း သစ်တောဖုံးလွှမ်းမှု ၅၀ ရာခိုင်နှုန်းရှိစေရေး ရည်မှန်းချက်ကိုလည်း အောင်မြင်စေနိုင်မည်ဖြစ်သည်။
အခမ်းအနားတွင် နိုင်ငံတော်သမ္မတက ကံ့ကော်ပျိုးပင်ကို ဦးဆောင်စိုက်ပျိုးခဲ့ပြီး တက်ရောက်လာသူများကလည်း သစ်မျိုးနှင့် ပန်းအလှပင်မျိုးစုံ စုစုပေါင်း ပျိုးပင် ၃,၀၀၀ ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
