သက်တံ့
၁၅. ၈. ၂၀၂၆
အမြန်လမ်းတွင် Elite အဝေးပြေးယာဥ် ယာဥ်မောင်းနှင်သူ အိပ်ငိုက်ပြီး လမ်းလယ်ကျွန်းတိုက်မိကာ တံတားအောက် ကားပြုတ်ကျရာက ခရီးသည်များအပါအဝင် လိုက်ပါလာသူအားလုံးဒဏ်ရာရမှု ယနေ့နံနက် ၅ နာရီကျော်အချိန်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ယနေ့ ဩဂုတ် ၁၅ ရက် နံနက် ၅ နာရီ မိနစ် ၂၀ ခန့်မှာ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၅၈/၁ နှင့် ၅၈/၂ကြား နေပြည်တော်က ရန်ကုန်သို့ အပြန်လမ်းတွင် Elite ခရီးသည်ပို့ဆောင်ရေးယာဥ်လိုင်းမှ ယာဉ်မောင်းပါ ကျား (၆)၊ မ (၉) ပေါင်း (၁၅) ဦး လိုက်ပါလာသည့် 9Q-5695 (အဖြူရောင်) SCANIA NEUSTAR ခရီးသည်တင်ယာဉ်သည် ယာဉ်မောင်းအိပ်ငိုက်၍ လမ်းလယ်ကျွန်းအားဝင်ရောက်တိုက်မိပြီးတံတားအောက်သို့ ထိုးကျတိမ်းမှောက်ခဲ့သော ယာဉ်မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့သည်ဟု အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။




ဖြစ်စဉ်ကြောင့်ယာဉ်ပေါ်ပါသူများမှာ ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်းနှင့် အမြန်လမ်း၌ဖြစ်ပွားသော ယာဉ်မတော်တဆမှုများအားလုံး၏ အများစုသည်ယာဉ်မောင်းအိပ်ငိုက်ခြင်းကြောင့်ဖြစ်၍ ယာဉ်မောင်းများအနေဖြင့် ၂ နာရီဆက်တိုက်မောင်းနှင်ပြီးတိုင်း ယာဉ်ရပ်နားစခန်းများတွင် ခေတ္တနားနေကြပါရန်နှင့် ခရီးသည်အားလုံး ထိုင်ခုံခါးပတ် (Seat Belt) မဖြစ်မနေသေချာစွာပတ်ထားရန်၊ (ထိုင်ခုံခါးပတ် ပတ်မထားသည့်ခရီးသည်များကိုယာဥ်ပေါ်ပါ ဝန်ထမ်းမှသတိပေးစောင့်ကြည့်၍ ပတ်စေရန်) ၊ ယာဉ်အမျိုးအစားအလိုက်သတ်မှတ်အမြန်နှုန်းထက် ပိုမိုမောင်းနှင်ခြင်း မပြုကြပါရန်လည်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က အထူးသတိပေးထားသည်။
