၁၅.၈.၂၀၂၆
Written by Linn Eain
ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂) နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း (MCCT) အစီအစဉ်၏ နာမည်ကိုအလွဲသုံးစားပြု၍ Online မှတစ်ဆင့် ငွေကြေးလိမ်လည်မှုများ ပေါ်ပေါက်လျက်ရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဩဂုတ် ၁၅ ရက်တွင် အသိပေးထုတ်ပြန်ထားသည်။
လူမှုဝန်ထမ်းဦးစီးဌာနသည် MCCT အစီအစဉ်ကို တိုင်းဒေသကြီး/ပြည်နယ် (၇)ခုဖြစ်သော ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ယခုအခါ MCCT အစီအစဉ်၏ နာမည်ကို အလွဲသုံးစားပြု၍ Online မှတစ်ဆင့် ငွေကြေးလိမ်လည်မှုများ ပေါ်ပေါက်လျက်ရှိပြီး လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် MCCT အစီအစဉ်တွင် အကျုံးဝင်သူများ၏ စာရင်းကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ကောက်ယူခြင်းကိုသာ ဆောင်ရွက်လျက်ရှိပြီး Online မှတစ်ဆင့် စာရင်းကောက်ယူခြင်း လုံးဝ(လုံးဝ)မပြုလုပ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
ထို့ပြင် MCCT အကျိုးခံစားသူ စာရင်းသွင်းရန် လျှောက်ထားပုံစံ (Registration Form)များနှင့် စပ်ပတ်သက်၍လည်း ငွေကြေးတစ်စုံတစ်ရာ ကောက်ခံခြင်းမရှိပါကြောင်းနှင့် လက်ရှိ ၂၀၂၆-၂၀၂၇၊ ဘဏ္ဍာ ရေးနှစ်အတွင်း အကျိုးခံစားခွင့်ရှိသူများ စာရင်းကောက်ခံခြင်းအဆင့်လည်း ပြီးဆုံးပြီဖြစ်ကြောင်း အသိပေးထားသည်။
လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ဘဏ္ဍာရေးနှစ်အလိုက် ထောက်ပံ့ကြေးပေးရန် စာရင်းကောက်ယူမည့်အချိန်မတိုင်မီ MCCT အစီအစဉ်နှင့် ပတ်သက်၍ အများပြည်သူများ သိရှိနိုင်ရန် နိုင်ငံပိုင်မီဒီယာများဖြစ်သည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြား၊ ရေဒီယိုအစီအစဉ်များနှင့် နေ့စဉ်ထုတ်သတင်းစာများမှတစ်ဆင့် ” MCCT အစီအစဉ်တွင် အကျိုးခံစားခွင့်ရရှိရန် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူး သို့မဟုတ် နီးစပ်ရာလူမှုဝန်ထမ်းရုံးများသို့ စာရင်းပေးသွင်းနိုင်ပါကြောင်း” အသိပေးနှိုးဆော်ခဲ့သည်။


၂၀၂၆ ခုနှစ်၊ မေလ ၂၆ ရက်နေ့အထိ ကိုယ်ဝန်ဆောင်အဖြစ်ရှိနေသူများအနေဖြင့် MCCT အစီအစဉ်တွင် အကျိုးခံစားခွင့်ရရှိရန် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး သို့မဟုတ် နီးစပ်ရာ လူမှုဝန်ထမ်းရုံးများသို့ ၂၀၂၆ ခုနှစ်၊ မေလ ၃၁ ရက် နောက်ဆုံးထားပြီး စာရင်းပေးသွင်းနိုင်ကြောင်း အသိပေးထုတ်ပြန်ထားပြီဖြစ်သည်။
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် အကျိုးခံစားခွင့်ရှိသူများအား တစ်လလျှင် တစ်သောင်းခွဲကျပ်ဖြင့် ၃ လပတ် ၂ ကြိမ် (၆)လစာ ထောက်ပံ့သွားမည်ဖြစ်ကြောင်းနှင့် ယခုနှစ်မှစတင်ပြီး ဖုန်းသို့ငွေလွှဲခြင်းဖြင့် ထောက်ပံ့မည်ဖြစ်ပါ၍ ထုတ်ယူလိုသည့် ငွေလွှဲဝန်ဆောင်မှုများအား မိမိတို့၏ လက်ကိုင်ဖုန်းများတွင် ဖွင့်လှစ်ထားရန်နှင့် ထောက်ပံ့ခြင်းအစီအစဉ်နှင့် ပတ်သက်၍ သိရှိလိုသည်များကို လူမှုဝန်ထမ်းဦးစီးဌာန Help Line ဖုန်းနံပါတ် 1566၊ 09-889900077 သို့ စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။
