၁၅.၈.၂၀၂၆
Written by Thiri
တောင်ကိုရီးယားနိုင်ငံ၊ ဂယောင်ဂီပြည်နယ်၊ အန်ဆောင်မြို့ရှိ စက်ရုံတစ်ခုမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားတစ်ဦး မနေ့က ဩဂုတ်လ ၁၄ ရက် နံနက်ပိုင်းက စက်ရုံအနီး ချောက်ထဲကို စက်ဘီးမှောက်ပြီး ပြုတ်ကျကာ ရုတ်တရက် ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်က ၂၀၂၆ခုနှစ် ဩဂုတ်လ ၁၄ ရက် နံနက်ပိုင်းက ကိုရီးယားနိုင်ငံ ဂယောင်ဂီပြည်နယ် အန်ဆောင်မြို့ရှိ စက်ရုံတစ်ခုမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား ကိုချစ်ကိုဝင်းက အလုပ်လာမဆင်းတာကြောင့် လိုက်လံရှာဖွေရာ စက်ရုံအနီးချောက်ထဲမှာ စက်ဘီးမှောက်လျက် ရုတ်တရက်ကွယ်လွန်နေတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
ကွယ်လွန်သူ ကိုချစ်ကိုဝင်းဟာ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့၊ ချောင်းဦးမြောက်လမ်း၊ ကူတောင်းရပ်နေ ဦးဝင်းမောင်နဲ့ ဒေါ်ဖုန်းကြွယ်တို့ရဲ့ သားဖြစ်ကြောင်း ကိုရီးယားရောက် မြန်မာအရေးကူညီသူတွေက အသိပေးထားပါတယ်။
ကိုရီးယားရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်တွေအရ ဩဂုတ်လ ၁၃ ရက် ည ၁၀ နာရီခွဲခန့်မှာ သူငယ်ချင်းအခန်းကနေ စက်ဘီးနဲ့ ပြန်လာစဉ် ချောက်ထဲကို ပြုတ်ကျကာ စက်ဘီးမှောက်လျက် ကွယ်လွန်နေတာဖြစ်နိုင်ကြောင်း ကနဦးစစ်ဆေးတွေ့ရှိတယ်လို့ ဆိုပါတယ်။
အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အလုပ်ရှင်က ရဲစခန်းကို အကြောင်းကြားခဲ့ရာ ရဲဝန်ထမ်းများက လာရောက်စစ်ဆေးပြီး အလောင်းကို အအေးတိုက်ဆီ ပို့ဆောင်ထားရှိတယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့ရဲ့ ခွင့်ပြုချက် ရရှိပါက နာရေးအစီအစဉ်ကို ထပ်မံကြေညာပေးသွားမှာဖြစ်ပြီး ကွယ်လွန်သူရဲ့ နာရေးအတွက် ကူညီငွေတွေထည့်ဝင်ပေးကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

