သတိုး
၁၃. ၈. ၂၀၂၆
လွန်ခဲ့သည့် သီတင်းပတ်သည် နိုင်ငံတကာအသိုင်းအဝိုင်း အချို့၏ ဖယ်ကျဉ်ခံထားရသည့် အခြေအနေမှ တိုးတက်မှုရနိုင်ရန် ကြိုးပမ်းနေသော မြန်မာအစိုးရအဖွဲ့အတွက် ထူးခြားသည့် ဖြစ်ပေါ်တိုးတက်မှုများ ဆက်တိုက်ဆိုသလို ပေါ်ပေါက်ခဲ့သည့် သီတင်းပတ်တစ်ခု ဖြစ်ခဲ့သည်။
ပထမဆုံးအနေဖြင့် SAC (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော တပ်မတော်က အာဏာထိန်းသိမ်းပြီးနောက် ၅ နှစ်ခွဲကြာ ထောင်ဒဏ်ကျခံနေရပြီး အသက် ၈၁ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၏ “သက်ရှိထင်ရှားရှိနေဆဲဖြစ်ကြောင်း သက်သေ” အဖြစ် သူမ၏ ဓာတ်ပုံများကို ထောက်ခံသူများ အပြင်းအထန် တောင်းဆိုနေချိန် ဩဂုတ်လ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဓာတ်ပုံထွက်ပေါ်လာမှုသည် တိုက်ဆိုင်မှုဟု ပြောနိုင်ခဲပြီး ပဋိပက္ခဖြစ်ပွားနေသည့် မြန်မာနိုင်ငံအား ဒေသတွင်းအဖွဲ့အစည်းအတွင်းသို့ ပြန်လည်ခေါ်ဆောင်ရန် စည်းရုံးဆော်ဩနေသည့် ထိုင်းဝန်ကြီးချုပ် အနုထင် ချာဝီရကွန် (Anutin Charnvirakul) က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ မိန့်ခွန်းမပြောမီ ညနေပိုင်းတွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ၎င်းက အာဆီယံအနေဖြင့် ဘုံသဘောတူညီချက်နှင့် ဝင်ရောက်မစွက်ဖက်ရေးမူများကို “လိုက်လျော ညီထွေရှိမှု၊ လက်တွေ့ကျမှု” တို့ဖြင့် ကျင့်သုံးရန် အင်ဒိုနီးရှားစင်မြင့်ထက် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတွင် တောင်းဆိုခဲ့သည်။

နှစ်ရက်အကြာတွင် မြန်မာအစိုးရ၏ ဒီဇင်ဘာနှင့် ဇန်နဝါရီလများက ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲများအပြီး နိုင်ငံတော်သမ္မတ ဖြစ်လာသည့် ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ရာ ထိုင်းနိုင်ငံက လေဆိပ်တွင်ရော အစိုးရအိမ်တော်တွင်ပါ ကော်ဇောနီခင်းပြီး မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖွဲ့ခေါင်းဆောင်အဖြစ် အသိအမှတ်ပြု ကြိုဆိုခဲ့သည်။ ယင်းသည် လာအိုနိုင်ငံပြီးလျှင် ဦးမင်းအောင်လှိုင်အား နိုင်ငံ့ခေါင်းဆောင်အဖြစ် လက်ခံတွေ့ဆုံသည့် ဒုတိယမြောက် အာဆီယံနိုင်ငံ ဖြစ်လာခဲ့သည်။
The Straits Times ၏ အင်ဒိုချိုင်းနား သတင်းဌာနခွဲမှူး မေဝေါင်း (May Wong) ၏ အမြင်အရ အာဆီယံကို ဦးတည်သည့် အဆိုပါ လှုပ်ရှားမှုများသည် မြန်မာအစိုးရအနေဖြင့် “မည်မျှအထိ မဟာဗျူဟာကျကျ၊ တွက်ချက်မှုရှိရှိနှင့် အကွက်ချ လုပ်ဆောင်နေသည်” ဆိုသည်ကို ပြသနေကြောင်း ဆိုသည်။ “ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရသစ်ဟာ သူ့ကို ကြိုဆိုလက်ခံတဲ့ ပြည်ပနိုင်ငံ တိုးလာတာနဲ့အမျှ တစ်နေ့ထက်တစ်နေ့ ပိုပြီး ဖိအားတွေ ကျော်ဖြတ်လာနိုင်တာ ထင်ရှားပါတယ်” ဟု ၎င်းက ဆိုသည်။
သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် ထပ်မံတောင်းဆိုထားသည့် အာဆီယံ၏ ထုတ်ပြန်ချက်အပေါ် တုံ့ပြန်သည့်အနေဖြင့် “အာဆီယံဥက္ကဋ္ဌရဲ့ အထူးသံတမန်အသစ် ခန့်အပ်မှုနဲ့ ယင်း၏ ဆက်လက်ပါဝင်နေမှုတို့ဟာ မလိုအပ်တော့ဘူးလို့ မြန်မာနိုင်ငံက ရှုမြင်ပါတယ်” ဟု ရေးသားဖော်ပြခဲ့သည့် အာဆီယံဥက္ကဋ္ဌ ထုတ်ပြန်ချက်အပေါ် မြန်မာအစိုးရဘက်က မနှစ်မသက် ဖြစ်ခဲ့ရသည်။ အကြောင်းမှာ တပ်မတော်သည် ပြင်ပမှ ဖိအားပေး ညွှန်ကြားဆောင်ရွက်စေမှုများကို မနှစ်သက်သည့် အစဉ်အလာ ရှိသောကြောင့် ဖြစ်သည်။ မြန်မာအစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ထွန်းတိုးတက်မှုများ ရှိနေကြောင်း အာဆီယံသို့တိုက်ရိုက်သော်လည်းကောင်း၊ ထိုင်းနိုင်ငံမှတစ်ဆင့်သော်လည်းကောင်း အပြုသဘောဆောင်သည့် လက္ခဏာရပ်တစ်ခု ပြသခဲ့ပြီးဖြစ်သည်ဟု ယူဆထားခြင်း ဖြစ်သည်ဟု မေဝေါင်းက သုံးသပ်သည်။

ထို့အပြင် မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရန် လက်ရှိအချိန်မှစ၍ ယခုနှစ်ကုန်အထိ ကျဉ်းမြောင်းလှသော အချိန်ကာလအတွင်း ကြိုးပမ်းနေရသည်။ ယခုနှစ်ကုန်တွင် အာဆီယံဥက္ကဋ္ဌရာထူးသည် မြန်မာအစိုးရအပေါ် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရေးနှင့် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်ကို လိုက်နာရေးတို့အတွက် တင်းကျပ်သော မူကို ကိုင်စွဲထားသည့် စင်ကာပူနိုင်ငံထံသို့ လွှဲပြောင်းရောက်ရှိမည်ဖြစ်သည်။
“ဦးမင်းအောင်လှိုင်အနေနဲ့ ထိုင်းနိုင်ငံ အာဆီယံဥက္ကဋ္ဌ ဖြစ်လာမယ့် ၂၀၂၈ ခုနှစ်အထိ စောင့်ဆိုင်းရဖွယ် ရှိပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ ထိုင်းအစိုးရသစ် အပြောင်းအလဲ ဖြစ်မလား၊ အစိုးရသစ် လက်ထက်မှာ နိုင်ငံခြားရေးမူဝါဒဟာ နောက်တန်း ရောက်သွားမလားဆိုတာလည်း စိုးရိမ်စရာဖြစ်ပါတယ်” ဟု မေဝေါင်းက ဆိုသည်။
တစ်ချိန်တည်းမှာပင် မြန်မာအစိုးရအဖွဲ့သည် အာဆီယံပြင်ပရှိ နိုင်ငံပေါင်းစုံ ပါဝင်သည့်အစိုးရအဖွဲ့အစည်းများနှင့် တရုတ်၊ ရုရှားနှင့် အိန္ဒိယကဲ့သို့သော နိုင်ငံများနှင့် ဆက်ဆံရေးများအပါအဝင် အခြားသော နိုင်ဖဲများကိုလည်း ကိုင်ဆောင်ထားဆဲ ဖြစ်သည်။

အာဆီယံအတွက်မူ ကုန်သွယ်ရေးသည် တွန်းအားတစ်ခု ဖြစ်သောကြောင့် ထိုင်းနိုင်ငံကဲ့သို့သော နိုင်ငံများက မြန်မာကို ပြန်လည်ပူးပေါင်းပါဝင်စေခြင်းက ပိုမိုကောင်းမွန်သည်ဟု ယုံကြည်ကြသည်။ ထို့အပြင် အာဆီယံအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ သတ္တုတွင်းထွက်များ၊ အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) ကဲ့သို့သော အကျပ်အတိုင်းများကို ဖြေရှင်းလိုပါက မြန်မာနိုင်ငံသည် အဆိုပါ အရေးပါသော ကိစ္စရပ်အားလုံးတွင် အဓိက ပါဝင်သူ ဖြစ်နေသည်။ “ထိုင်းနိုင်ငံကတော့ တင်းတင်းကြပ်ကြပ် ဆက်လက် စည်းရုံးသွားမှာပါ” ဟု မေဝေါင်း က ခန့်မှန်းထားသည်။
အာဆီယံသည် ၎င်း၏ ကျယ်ပြန့်သော မူဘောင်အတွင်း၌ အချိန်ဇယားများ သို့မဟုတ် သီးခြားတိုင်းတာနိုင်သော သတ်မှတ်ချက်များကို ထည့်သွင်းထားခြင်း မရှိဘဲ ရုန်းထွက်နိုင်သည့် နေရာလွတ် အနည်းငယ် ချန်ထားခဲ့သည့်အပေါ်လည်း မေဝေါင်းက”ဒါကြောင့် အဲဒီ ဘုံသဘောတူညီချက် ၅ ချက်အောက်က ဘာမဆို တိုးတက်မှုလို့ ယူဆနိုင်ပါတယ်” ဟု ဆိုသည်။
ယင်းအပြင်”ကူညီကယ်ဆယ်ရေး ယာဉ်တွေကို ပိုမိုစေလွှတ်နိုင်ရင် တိုးတက်မှု ဖြစ်မယ်။ လိုလားတဲ့ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ပိုလုပ်နိုင်ရင် တိုးတက်မှု ဖြစ်မယ်။ ကျေးရွာတွေအပေါ် တိုက်ခိုက်မှုများ လျှော့ချနိုင်လျှင်လည်း တိုးတက်မှု ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ဒါဟာ အာဆီယံက နှစ်ဖက်စလုံးအတွက် ချန်ထားပေးခဲ့တဲ့ ထွက်ပေါက်တစ်ခုပဲ ဖြစ်ပါတယ်။”ဟု သူမက ဆက်လက်ပြောကြားသည်။

၂၀၁၃ ခုနှစ်ကတည်းက မြန်မာနိုင်ငံအကြောင်း သတင်းရယူခဲ့ပြီး ဦးမင်းအောင်လှိုင်ကိုရော ဒေါ်အောင်ဆန်းစုကြည်ကိုပါ တွေ့ဆုံမေးမြန်းခဲ့ဖူးသည့် မေဝေါင်း အတွက်မူ လက်ရှိအခြေအနေသည် အဆိုပါ မြန်မာအစိုးရခေါင်းဆောင်က ရေရှည်ဗျူဟာမြောက် ကစားကွက်ကို မည်သို့ကစားနေသည်ကို မီးမောင်းထိုးပြနေသည့်အပြင် နှစ်များစွာအတွင်း ဦးမင်းအောင်လှိုင်သည် “ပုံသေနှင့် တစ်သမတ်တည်းရှိသော သတင်းစကားကိုသာ ကိုင်စွဲထားခဲ့သည်”ဟုလည်း သုံးသပ်သည်။
ထို့အပြင် ပဋိပက္ခများကိုကျော်လွန်၍ ဦးမင်းအောင်လှိုင်က မြန်မာနိုင်ငံအား အသုံးမပြုရသေးသည့် သဘာဝသယံဇာတများ ကြွယ်ဝစွာရှိပြီး အကောင်းဆုံး ပထဝီဝင်အနေအထားတွင် တည်ရှိသော ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် နေရာတစ်ခုအဖြစ် ပြင်ပကမ္ဘာသို့ ဈေးကွက်ချဲ့ထွင်ရန် အဓိကထား ဆောင်ရွက်ခဲ့သည်။
ဘန်ကောက်မြို့ရှိ ခန့်ညားထည်ဝါသော ခန်းမတစ်ခုအတွင်း ထိုင်းစီးပွားရေးခေါင်းဆောင်များနှင့် ရင်းနှီးမြှုပ်နှံသူ ၇၀၀ ခန့် နားထောင်နေစဉ်အတွင်း ဦးမင်းအောင်လှိုင်အုပ်ချုပ်သော မြန်မာနိုင်ငံသည် အခွင့်အလမ်းများစွာရှိသော နိုင်ငံတစ်ခုအဖြစ် ပုံဖော်ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ အခြေအနေမှာ အဆုံးမသတ်နိုင်သေးသည့် ပြည်တွင်းနေရာအနှံ့စစ်ပွဲများနှင့် ယင်း၏ အကျိုးဆက်များကို ဆက်လက်ရင်ဆိုင်နေရဆဲ ဖြစ်သော်လည်း အဆိုပါ ပြောဆိုချက်မှာ အခွင့်အလမ်းများစွာရှိသော နိုင်ငံတစ်ခုအဖြစ် ရှုမြင်မှုမှာ ပိုမိုကျယ်ပြန့်လာလျက် ရှိသည်။
Ref: The Straits Times
