၁၄.၈.၂၀၂၆
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံ၊ ဥတ္တရခန်ပြည်နယ်၊ ချာမိုလီခရိုင်ရှိ Tehri Hydro Development Corporation (THDC) ပိုင်ဆိုင်သော Vishnugad-Pipalkoti ရေအားလျှပ်စစ်စီမံကိန်း၏ ဥမင်လိုဏ်ခေါင်းတစ်ခုတွင် ဆောက်လုပ်ဆဲ THDC ဥမင်လိုဏ်ခေါင်းတစ်ခုအတွင်း မြေပြိုမှုနှင့် ရေကြီးရေလျှံမှုကြောင့် သြဂုတ်လ ၁၃ ရက် ည ၇ နာရီခန့်တွင် တစ်စိတ်တစ်ပိုင်းပြိုကျမှု ဖြစ်ပွားခဲ့ပြီးနောက် အလုပ်သမား ခုနစ်ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပြည်နယ်အရေးပေါ်လုပ်ငန်းလည်ပတ်ရေးဌာန (SEOC) ၏ အရာရှိများက ရုတ်တရက် မြေပြိုမှုနှင့် ရေစိမ့်ဝင်မှုကြောင့် အလုပ်သမား ၂၂ ဦးသည် ဥမင်လိုဏ်ခေါင်းအတွင်း ပိတ်မိနေခဲ့ကြောင်း ပြောကြားခဲ့သည်။


ကြီးမားသောအဖွဲ့ပေါင်းစုံကယ်ဆယ်ရေးလုပ်ငန်းကို ချက်ချင်းစတင်ခဲ့ရာ ည ၁၁ နာရီအထိ အလုပ်သမား ၂၁ ဦးကို ဥမင်လိုဏ်ခေါင်းအတွင်းမှ ပြန်လည်ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အနက် ခုနစ်ဦး သေဆုံးကြောင်း ကြေညာခဲ့ပြီး ၁၄ ဦးမှာလည်း ဒဏ်ရာများရရှိခဲ့ရာ ဆေးကုသမှုခံယူရန် ပြောင်းရွှေ့ခဲ့ကြောင်း အရာရှိများက ပြောကြားခဲ့သည်။
အမျိုးသားကပ်ဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့ (NDRF) မှ ၅၇ ဦး၊ ပြည်နယ် ကပ်ဘေးအန္တရာယ် တုံ့ပြန်ရေးအဖွဲ့ (SDRF) မှ ၄၂ ဦး၊ အိန္ဒိယ-တိဘက်နယ်စပ်ရဲတပ်ဖွဲ့ (ITBP) မှ ၂၁ ဦး၊ ဒေသခံ ရဲစခန်းများနှင့် ကင်းစခန်းများမှ ၂၂ ဦး၊ မီးသတ်တပ်ဖွဲ့ဝင် ကိုးဦးနှင့် ခရိုင် ကပ်ဘေးအန္တရာယ် တုံ့ပြန်ရေးအဖွဲ့ (DDRF) မှ လေးဦးတို့က ကယ်ဆယ်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
အဆင့်မြင့်အရာရှိများက အခင်းဖြစ်ပွားရာနေရာတွင် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများကို ကြီးကြပ်လျက်ရှိသည်။ အပျက်အစီးများကို ရှင်းလင်းရန်နှင့် ကယ်ဆယ်ရေးအဖွဲ့များကို ကူညီရန် အတွက် HCC ပါဝါ စက်ယန္တရားများနှင့် အထူးကိရိယာများကိုလည်း ဖြန့်ကျက်ချထားခဲ့ကြောင်း သိရသည်။
Ref: Hindustan Times
