ပုံစာ။ ဝမ်းပျက်ဝမ်းလျှောကာကွယ်ရေး နေအိမ် ရေအရင်းအမြစ်များတွင် ကလိုရင်းခတ်ပေးနေမှုမြင်ကွင်းများ။
သတိုး
၁၄. ၈. ၂၀၂၆
ပြည်သူ့ဆေးရုံ၊ ပုဂ္ဂလိကဆေးရုံ မခွဲခြားဘဲ ဝမ်းပျက်ဝမ်းလျှောရောဂါလူနာ ရောက်ရှိလာရင် လက်ခံကုသမှုတွေဆောင်ရွက်ဖို့ ညွှန်ကြားထားကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပါမောက္ခချုပ်(ဆေးရုံအုပ်ကြီး/ကုသရေး) ဒေါက်တာမိုးခိုင် ပြောကြားတာကို ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
“လတ်တလော ရန်ကုန်တိုင်းဒေသကြီးမှာ ဖြစ်ပွားနေတဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါလူနာတွေနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့လမ်းညွှန်မှု၊ ကုသရေးဦးစီးဌာနရဲ့ကြီးကြပ်မှုနဲ့ ရန်ကုန်တိုင်း အတွင်းမှာရှိနေတဲ့ ပြည်သူ့ဆေးရုံတွေ၊ ပုဂ္ဂလိကဆေးရုံတွေအနေနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ လူနာတွေလက်ခံကုသနိုင်ဖို့အတွက် ပြင်ဆင်ဆောင်ရွက်ကာ ကုသမှုတွေ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအနေနဲ့လည်း ဗဟိုအဆင့်ဆေးရုံအများစုရှိတဲ့ တိုင်းဒေသကြီးဖြစ်သလို ပုဂ္ဂလိကဆေးရုံတွေအနေနဲ့လည်း ဝန်ဆောင်မှုပေးလျက်ရှိတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ လက်ရှိရှိနေတဲ့ ပြည်သူ့ဆေးရုံတွေရဲ့ အင်အားနဲ့ ပုဂ္ဂလိကဆေးရုံတွေ အင်အားကို အသုံးပြုပြီးတော့ ဆေးရုံအလိုက် ပြည်သူ့ဆေးရုံ၊ ပုဂ္ဂလိကဆေးရုံ မခွဲခြားဘဲ ဝမ်းပျက်ဝမ်းလျှောရောဂါလူနာ ရောက်ရှိလာရင် လက်ခံကုသမှုတွေ ဆောင်ရွက်ဖို့ ညွှန်ကြားထားရှိပြီးတော့ ကုသမှုဆောင်ရွက်တဲ့အခါမှာလည်း စနစ်တကျလိုက်နာ ဆောင်ရွက်နိုင်အောင် လုပ်ငန်းလမ်းညွှန်တွေကိုလည်း ဖြန့်ဝေအသိပေး ထားရှိပြီး ဖြစ်ပါတယ်။” ဟု ဒေါက်တာမိုးခိုင်က ပြောကြားသည်။


ရန်ကုန်မြို့လယ် လေးမြို့နယ်ဖြစ်တဲ့ လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတားမြို့နယ်တွေမှာ ဩဂုတ် ၉ ရက်က စတင်ပြီး ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့ကာ ရန်ကုန်ဆေးရုံကြီးသို့ လူနာ ၁၈၀ ကျော် ရောက်ရှိလာတဲ့အထဲ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါပိုးတွေ့သူ ၅၄ ဦးရှိတဲ့အပြင် အသက် ၉၂ နှစ်အရွယ် သက်ကြီးလူနာတစ်ဦးမှာ နာတာရှည်အဆုတ်ရောဂါ၊ နှလုံးရောဂါတို့နဲ့ ကွယ်လွန်ခဲ့တယ်လို့လည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ကျန်းမာရေးဝန်ကြီးဌာနက MT News ကို ဖြေဆိုပါတယ်။
လက်ရှိမှာ ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဖို့အတွက် လမ်းဘေးဆိုင်တွေပိတ်တာ၊ ကလိုရင်းခတ်တာ၊ လူနာတွေ့မှုအများဆုံးမြို့နယ်တွေက နေအိမ်တွေ၊ ထမင်းဆိုင်၊ အသုပ်ဆိုင်၊ စားသောက်ဆိုင် စတဲ့ စျေးဆိုင်တွေက ရေနမူနာတွေ စစ်ဆေးတာလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ပြည်သူတွေအနေနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဗဟိုအဆင့်ဆေးရုံတွေနဲ့ ပြည်သူ့ဆေးရုံတွေမှာ ဝမ်းပျက်ဝမ်းလျှောလူနာတွေ ကုသဖို့ အရန်သင့်ပြင်ဆင်ထားတယ်ဆိုပေမဲ့ အစာမစားမီ၊ အစားအစာမပြင်ဆင်မီနဲ့ အိမ်သာကထွက်တိုင်း လက်ကိုစင်ကြယ်စွာဆေးဖို့၊ တစ်ကိုယ်ရေသန့်ရှင်းရေးဂရုပြုဖို့၊ ရေကိုကျိုချက်သောက်ဖို့၊ အစားအစာတွေကို ကျက်အောင်ချက်ဖို့၊ ယင်နားစာတွေမစားဖို့နဲ့ ရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းတွေ လိုက်နာဖို့လိုသလို ရောဂါဖြစ်ပွားလာရင် နီးစပ်ရာဆေးရုံဆေးခန်းကို အမြန်ဆုံးသွားပြီးကုသမှုခံယူဖို့လည်း ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းပါတယ်။
“ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ ဆေးရုံတွေအနေနဲ့လည်း အရင်ကတည်းက အတွေ့အကြုံရှိပြီး ဖြစ်တဲ့အတွက်ကြောင့် လူနာတွေအနေနဲ့ လိုအပ်တဲ့ကုသမှုတွေ အချိန်မီရရှိနိုင်မှာ ဖြစ်ပါတယ်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာလူနာတွေကို ကုသမှုပေးတဲ့အခါမှာ ဦးတည်ဆောင်ရွက်တဲ့ အချက်အနေနဲ့ ရောက်ရှိလာတဲ့လူနာတွေ အသက်သေဆုံးမှု မရှိအောင် ဦးတည်ဆောင်ရွက်ခြင်း၊ ဒုတိယ အချက်အနေနဲ့တော့ လိုအပ်တဲ့ကုသမှုတွေကို အချိန်နဲ့တစ်ပြေးညီ ရရှိအောင်ဆောင်ရွက်ခြင်းနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ကုသရေးလုပ်ငန်းတွေမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာရှိတဲ့ ဆရာဝန်၊ သူနာပြု၊ ကျွမ်းကျင်ဝန်ထမ်းအားလုံးအနေနဲ့ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခြင်းအားဖြင့် ကာကွယ်ကုသရေးလုပ်ငန်းတွေကို အထောက်အကူပြုဖို့အတွက် ရည်မှန်းပြီးတော့ ဆောင်ရွက်လျက်ရှိပါတယ်။ ရောဂါကုသရေးအတွက် ဆောင်ရွက်သလို ရောဂါရှာဖွေရေးမှာလည်း အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနအပြင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ မုခ်ဇီဝဌာန၊ ဓာတ်ခွဲဌာနတို့ရဲ့ ပူးပေါင်း ဆောင်ရွက်မှုနဲ့ ရောက်ရှိလာတဲ့ လူနာတွေကို ရောဂါအမည် အမြန်တပ်နိုင်ဖို့၊ အရေးပေါ်ကုသမှုတွေ အမြန်ရရှိဖို့၊ ကုသမှုတွေကို အချိန်နဲ့တစ်ပြေးညီ နေရာအလိုက်ရရှိနိုင်ဖို့အတွက် သမားတော်တွေ၊ အထွေထွေလက်ထောက် ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ အားသွန်ခွန်စိုက် ဝိုင်းဝန်းဆောင်ရွက် လျက်ရှိပါတယ်။ ရန်ကုန်တိုင်းမှာရှိတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခဏာတွေ ခံစားရတဲ့ ပြည်သူတွေအနေနဲ့ လည်း လိုအပ်တဲ့ကုသမှုတွေ ဆောင်ရွက်နိုင်အောင် ပြည်သူ့ဆေးရုံတွေ၊ ပုဂ္ဂလိကဆေးရုံတွေ အနေနဲ့ ပြင်ဆင်ဆောင်ရွက်ထားရှိပြီး ဖြစ်တဲ့အတွက်ကြောင့် စိုးရိမ်ပူပန်မှုမဖြစ်ကြဘဲ အနီးစပ်ဆုံး ပြည်သူ့ဆေးရုံတွေနဲ့ သက်ဆိုင်ရာဆေးရုံတွေကို သွားရောက်ကုသမှုခံယူနိုင်ပါကြောင်း ပြောကြား လိုပါတယ်။”လို့ ဒေါက်တာမိုးခိုင်က ဆက်လက် ပြောပါတယ်။
ပုံစာ။ ဝမ်းပျက်ဝမ်းလျှောကာကွယ်ရေး နေအိမ် ရေအရင်းအမြစ်များတွင် ကလိုရင်းခတ်ပေးနေမှုမြင်ကွင်းများ။


