နေမိုး
၁၃. ၈. ၂၀၂၆
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ ချင်း PDF အဖွဲ့ Chinland Defense Force – Kalay-Kabaw- Gangaw (CDF-KKG) တပ်ရင်း (၆) ဥက္ကဋ္ဌ ဘဖြိုး အပါအဝင် ၃ ဦးကို Black Dragon Force PDF အဖွဲ့က ပစ်သတ်လိုက်တယ်လို့ Radio NUG အပါအဝင် NUG/PDF ထောက်ခံတဲ့ မီဒီယာတွေက အလောင်းပုံတွေနဲ့တကွ တခဲနက် ဖော်ပြနေပါတယ်။
မနေ့က ဩဂုတ်လ ၁၂ ရက်၊ ည ၁၁ နာရီခန့်မှာ ဂန့်ဂေါမြို့နယ် အနောက်ခြမ်းက ရှုံးရှီကျေးရွာနဲ့ ပိတောက်ကုန်းကျေးရွာကြားက ရာဇမုနိ ဘုန်းကြီးကျောင်းအနီးမှာ CDF KKG တပ်ရင်း (၆) ဥက္ကဋ္ဌ ဘဖြိုးနဲ့ ရဲဘော် မဲကြီး တို့အပြင် အတူလိုက်ပါလာတဲ့ စစ်ရှောင် အရပ်သားတစ်ဦး သေဆုံးသွားခဲ့တယ်လို့လည်း သိရပါတယ်။
ဒီဖြစ်စဉ်ဟာ အသစ်ဖွဲ့စည်းထားတဲ့ Black Dragon Force PDF အဖွဲ့က CDF KKG ထိန်းချုပ်ထားတဲ့မန်ကျည်းခင် ကျေးရွာအတွင်း လက်နက်အပြည့်အစုံနဲ့ စည်းရုံးရေးဆင်းရာကနေ နှစ်ဖက် အခြေအတင် ဖြစ်ခဲ့ကြတာလို့ ဆိုပါတယ်။
ရွာအတွင်းကို လက်နက်နဲ့မဝင်ဖို့ CDF KKG ဘက်က တားမြစ်ခဲ့တာကို Black Dragon Force PDF အဖွဲ့က မကျေနပ်တာကြောင့် လူချင်းတွေ့ကြဖို့ ချိန်းဆိုခဲ့ပြီးနောက် အခုလို သတ်ဖြတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
အခင်းဖြစ်ပွားပြီးနောက် Black Dragon Force PDF အဖွဲ့ဝင်တွေဟာ လက်နက်ခဲယမ်းတွေနဲ့တကွ ခလရ (၅၀) ဆီ ခိုလှုံသွားကြတယ်လို့ NUG/PDF ထောက်ခံတဲ့ မီဒီယာတွေက ဖော်ပြနေပေမဲ့ MT News က မြေပြင် အတည်မပြုနိုင်သေးသလို CDF KKG နဲ့ Black Dragon Force PDF အဖွဲ့ဘက်ကလည်း အခုအချိန်အထိ နှုတ်ဆိတ်နေဆဲပါ။
